Saturday, January 28, 2012

သော်တာဆွေ ၏ ငွေကိုလေလို သုံးသူ အပိုင်း (၂)

"ဘယ်နှယ့်တော် အချိန်တန်လို့ ပြန်မရောက်တော့ မောင်တို့အမူးသမားတွေ ဂါတ်တဲပဲ ရောက်ပေလား၊ ဆေးရုံ ပဲရောက်နေပလား သေပဲသေကုန်ကြပလားလို့၊ ဒိက တစ်ညလုံး အိပ်မပျော်ဘူးရှင့် ဂါတ်ကပဲ လာ ခေါ်မလား၊ ဆေးရုံကပဲ အကြောင်းကြားမလား၊ စိတ်ထဲ တထင့်ထင့်နဲ့”

”ပြောမယ်ဆိုလည်း ပြောစရာ၊ ကျွန်တော်တို့မှာ အကြောင်းကြောင်းအရာရာတွေက ရှိခဲ့ဖူးပေ သည်။ တစ်ခါတစ်ရံ ဒဏ်ရာတွေနှင့် ပြန်ရောက်လာတတ်သည်။ တစ်ခါတစ်ရံ ကိုယ်မှာ တရား ခံဖြစ်နေ တတ်သည်။ (၁၉၅၉) ခုနှစ်တုန်းကလား၊ မိုးကုတ်မြမောင်နှင့် စာရေးဆရာသော်တာဆွေ ဟိုတယ်တွင် ရန်ဖြစ်မှု၊ တရားခံများ အဖြစ်နှင့် သတင်းစာတွေထဲပင် ပါခဲ့ပေသည်။

ထို့ကြောင့် ကျွန်တော်တို့အပေါင်းအသင်း တစ်သိုက်က ကျွန်တော်တို့နှစ်ယောက်အား ”မူးလာ လျှင် တရားလိုရှာရော ”ဟု ပြောစမှတ်ပြုကြသည်။ ထိုနေ့နံနက်က ကျွန်တော့်မိန်းမသည် ကျွန်တော်တို့ နှစ်ယောက် အား တော်တော်ကြိမ်းပစ်ပါသည်။ ယင်းအချိန်မှာ ကျွန်တော်တို့နှစ် ယောက်သည် အမူးဒီဂရီ ကျနေသည် ဖြစ်ရာ လူတွေမှာလည်း စိတ်ဓာတ်ကျဆင်းနေပေသည်။ အရက်သမားတို့၏ စွမ်းပကား အနိမ့်ဆုံး အခါဖြစ်၍ ကိုယ့်အလွန် ကိုယ့်အမှားကို ခေါင်းငုံ့ခံကြ သည်။ အဲသည်တုန်းကများ  ဝမ်းပက် တူးပက် လောက်များ ထပ်နှက်လိုက်ရ အမူးဒီရဂီပြန်တတ် ၍ အမူးတစ်ပတ်ရစ်ဖြင့် ငါ့သူငယ်ချင်း ရှေ့ သည်လို ပြောရပါမည်လား ဟု မိန်းမကို နားသယ်ပါး လယ် ကျင်းပစ်လိုက်ပေမည်။

သို့သော် ကျွန်တော်တို့မှာ သနားစဖွယ် အားဆေးကမဲ့ နေသည်ဖြစ်၍ နှစ်ယောက်သား အလျှော့ပေးရကာ ကိုမြမောင်က…
"နောက် ခင်ဗျားယောက်ျားကို အချိန်မီ အိမ်တိုင်ရာရောက် ပြန်ပို့ပါ့မယ်" ဟု ကတိစကားထား ခဲ့ရ၏။
ထို့ကြောင့် သူသည် သူနှင့်သောက်လျှင် ဘယ်သောအခါမဆို အိမ်တိုင်ရာရောက် လိုက်ပို့လေ့ ရှိ၍ ယခုည ကျွန်တော်က လမ်းထိပ်က ဆင်းသွားပါမည်ဆိုတာကို လက်မခံဘဲ ကျွန်တော့် အိမ်အရောက် လိုက်ပို့ပြီး…
"ဟောဒီမှာ ဒေါ်မေ၊ ခင်ဗျားယောက်ျားကို ကောင်းကောင်းမွန်မွန် လာပို့ထားခဲ့ပြီးဗျို့" ဟု အော် ပြီး ကားထွက် သွား တော့၏။

နောက်တစ်နေ့ညနေ ကျွန်တော် ပေါင်းတည်ဘူတာသို့ ရောက်သောအခါ ကျွန်တော့်ယောက်ဖ လာကြို နေပေသည်။
"ငါ့စက်ထဲ စပါးချရင်း လာတာကွ၊ အပြန်မှာ လယ်ထဲချဖို့ဖွဲတင်ထားတယ်၊ မင်း ငါ့ဖွဲလှည်းနဲ့ လိုက်မလား၊ မြင်းလှည်း နဲ့သွားမလား"

ကျွန်တော်တို့ရွာမှာ မြို့မှ သုံးမိုင်သွားရသေးသည်။
"ဟာ…. လမ်းကြမ်းကြမ်း၊ မြင်းရထား သိပ်ဆောင့်တယ်ဗျာ၊ နေကအေးပြီပဲ၊ ကိုစံတင် ဖွဲလှည်း နဲ့ပဲ လိုက်ခဲ့ တော့ မယ်"
သို့ဖြင့် ကျွန်တော်သည် မစီးရတာ ကြာပြီဖြစ်သော ဂေါ်ကာဘဲလ်အဲယားဖြင့် ရွာသို့ ယွန်းခဲ့ သည်။
အိမ် ရောက်သော သက်ကြီးရောဂါနာတာရှည်ဖြစ်သော အဖေအား ခေတ္တမေးစမ်းပြောဆိုပြီး ကျွန်တော် သောက်ချိန် နီးပြီဖြစ်ရကား ရွာရှိသောက်ဖော်များအိမ်သို့ လစ်ခဲ့တော့သည်။

ရွာတွင် ကျွန်တော်၏အရက်အဝယ်တော် ကိုမောင်ခိုသည် ကျွန်တော်ရောက်သည်ကြား၍ အသင့်စောင့် နေသည်။ သူ့အား ငွေဆယ်တန် တစ်ရွက် ဖျက်ခနဲ ဆွဲထုတ်ပေးလိုက်သည်။
"တစ်ဆယ်ဖိုး ငါးလုံးကြီး တစ်ခါတည်း ယူခဲ့ရမှာလား"
"ယူခဲ့ပေါ့ဗျာ၊ အရက်များတာ မှားတာမှတ်လို့"

ကျုပ်တို့ရွာတွင် အရက်တစ်ဆယ်ဖိုးကြီး တစ်ခါတည်းဝယ်တဲ့လူ နှယ်နှယ်ရရမှတ်လို့။
ထို့နောက် ကျွန်တော်၏သောက်အိမ် ဦးထွန်းစိန်အိမ်သို့ သွားသည်။ ဦးထွန်းစိန်သည် သောက် သောက် စားစား ကာလသားကြီး ဖြစ်သည်။ (ယခုကား ကွယ်လွန်ခဲ့ပြီ၊ သူ့အကြောင်း"လူတစ် ယောက်အကြောင်း" ဝတ္ထုရေးခဲ့ပြီ)။ သူသည် အရက်နှင့်မြည်းရန်ကတ်သီးကတ်သတ် စားစရာ လေးများကို ကြံဖန်လုပ်တတ်သူ ဖြစ်သည်။
သူသည် ကျွန်တော့်အသံကြားသော် သူ၏မှုန်မွှားသော မျက်စိဖြင့် နဖူးပေါ် လက်ဝါးအုပ်ကြည့် ၍…

"ဟေ့..ဘိုကျင်… မင်းရောက်လာပလား၊ ငါ့လခွီး… ဒီနေ့မြည်းစရာတော့ ထူးထူးထွေထွေ မရှိ ဘူးဟေ့၊ ဘိုခို ချောင်း ထဲက ကောက်လာတဲ့ ခရုဖင်ချွန်လေးတွေ ပြုတ်ပြီး ခွေးတောက်ရွက် အုပ်ထားလိုက်တယ်၊ အရက်သောက် အနှစ်စုတ်ပေါ့ကွာ"
"ဟာ … ဒီထက် ထူးထွေနိုင်ဦးမလား ဦးထွန်းစိန်ရ"
"ကြက်ကလေး ကြော်လိုက်ရကောင်းဦးမလား"

"ဟာ… မလုပ်နဲ့တော့ ကျွန်တော် အဆီအဆိမ့်တွေ မစားချင်တော့ဘူး၊ အချဉ်ဘာရှိလဲ"
"မရမ်းသီး ရှိတယ်ဟေ့၊ ဟုတ်ပြီ အဲဒါ ငါးပိစိမ်းစားလေးနဲ့ လေးစိတ်ကွဲထောင်းလိုက်မယ်"
မကြာမီ ကိုမောင်ခို ရောက်လာသည်ဖြစ်၍ အမြည်းက ခရုဖင်ရှည်၊ ခွေးတောက်ရွက်ပြုတ်၊ မရမ်သီး လေးစိတ်ကွဲ ထောင်းကလေးနှင့် ကျွန်တော်တို့ ချက်ဝိုင်းကလေးကို စဉ်းစားကြည့် ပါဘိ။

ရန်ကုန်မြို့တွင် ခရုခေါက်ဆွဲခေါ်သော ခေါက်ဆွဲကျော်ပေါ်မှာ ပြည်ကြီးမှလာသော သံဘူးဖြင့် မီးခိုးနံ့ သင်းထားသည့် အရည်ကလေးစပ်စပ်နှင့် ခရုကလေးတစ်ဇွန်းလောက် ဆမ်းပေးလိုက် သည်။ ကျွန်တော် တို့က ဤခရုမျိုးမဟုတ်။ လက်ရေတစ်ပြင်တည်းဆိုဘိသို့ သောက်ရေတစ်ခွက်တည်း ဖြစ်သည်။ မြန်မာ့ရှေးရိုးစဉ်လာ။
ကျွန်တော်သည် ဤသို့တောသားများနှင့် ဤသို့တောဂေဟာတွင် တောသောက်သောက်ရင်း ညက ရန်ကုန်မြို့ ဟိုတယ်ကြီးများတွင် မြို့သားများနှင့် မြို့သောက်သောက်ခဲ့ပုံကို ပြောပြ သည်။
"ဟေ့ မင်းတို့ သောက်တဲ့အရက်က တစ်ပုလင်း ဘယ်လောက်လဲကွ"

"ခြောက်ဆယ့်ငါးကျပ်"
ကိုမောင်ခို မျက်လုံးပြူးလျက်…
"ဝက်ပေါက်ကလေး တစ်ကောင်ဖိုးပါလား"
"ခင်ဗျားဝက်ပေါက်က ပေါ်လိုက်ရင် အချိန်ဘယ်လောက်ထွက်လဲ"
"တစ်ဆယ် ဆယ့်ငါးကြားပေါ့ကွာ"
"ဟင် ညက ကျွန်တော်တို့ စားခဲ့တဲ့ ဝက်ကလေးကောင်လုံးကြော်ဟာ တစ်ရာ့နှစ်ဆယ်ကျပ် ပေးခဲ့ ရတယ် ခင်ဗျ"
"ဘယ်လောက်ကြီးလဲ"
"အရှင်ဖမ်းချိန်ရင် သုံးလေးပိဿာ ရှိတော့မပေါ့ဗျာ၊ နို့စို့ ဝက်ကလေးပဲ"

"ဟာ…. မင်းတို့က အစားတယ်ရက်စက်ကြပါလာူး..ဟ"
"ဒါက ခင်ဗျားကို ဟင်းတစ်မည်တည်း ပြောသေးတာ၊ ဒိပြင် အပုံကြီးရှိသေး"
"အေး… ထားပါတော့ကွာ၊ ကဲ.. မင်းတို့ အဲဒီတစ်ည တစ်နပ်စာစားကြသောက်ကြတာ ဘယ် လောက် ကုန်မလဲ"
ကျွန်တော်လည်း  အတိအကျမသိ၍ ခန့်မှန်းခြေကို ပြောလိုက်ရာ ကိုမောင်ခိုသည် အလန့်တကြား အော်လျက်…
"အောင်မလေးလေး ပထမတန်းစား နွားတစ်ရှဉ်းဖိုးလောက် ကြီးပါလားဟ၊ဒီမယ် ငါ့မှာကွာ၊ နွား တစ်ဖက်တည်း ဖြစ်နေတာ သုံးနှစ်ရှိပြီ၊ တစ်ရှဉ်းပြည့်အောင် ဖြည့်မယ်နဲ့ဟာ မင်းလူ ခေါ်ခဲ့စမ်း ကွာ ငါ့နွားတစ်ကောင် ဖိုးလောက် တောင်းချင်လို့"

"သူ….ဒီရွာ.. ကျွန်တော်နဲ့ ရောက်ဖူးသားပဲဗျ"
"အေး … ဒါဖြင့် တို့နဲ့ ဘာလို့ မတွေ့လိုက်ရတုံး"
"အဲဒီတုန်းက ပေါင်းတည်စွယ်တော်ရက်ကြီး၊ ခင်ဗျားနဲ့ ကျွန်တော်နဲ့တောင် မတွေ့လိုက်ရဘူး၊ မဟုတ်လား ညကြီးမင်းကြီး ပြန်သွားရတာ၊ အဖြစ်က.. .ဒီလို" ဟု ဆိုပြီး ကိုမြမောင်အကြောင်း နောက်ကြောင်း ပြန်ရှင်းပြ လိုက်ရသေးသည်။

(၁၉၆၂)ခုနှစ်၊ တော်သလင်းလဆန်း (၁၃) ရက်၊ နှစ်စဉ်ပေါင်းတည်စွယ်တော် လှည့်ပွဲရက်၊ နံနက် ၉း၀၀ နာရီခန့်။ ကိုမြမောင်နှင့် အပေါင်းပါတွေကားနှစ်စီင်္းနှင့် ကျွန်တော့်အိမ်ရှေ့ ရောက် လာကြပြီး သူတို့အားလုံး ပစ်ကတ်တစ်ပတ်ရစ် တွေဖြင့်…
"ကိုဆွေ လာလာ၊ ဘာအလုပ်ရှိရှိထားခဲ့၊ အဝတ်တောင် လဲမနေနဲ့ ကြာတယ်၊ ကျုပ်တို့ကို ပေါင်းတည် စွယ်တော်လှည့်ပွဲ လိုက်ပို့"
သို့ဖြင့် ကျွန်တော်ကားပေါ်တက်ခဲ့၍ နေ့လယ်သုံးနာရီလောက် ပေါင်းတည်မြို့ထဲ ရောက်ခဲ့ ကြသည်။

စွယ်တော်လှည့်ပွဲကို ကြည့်ရှုပြီးနောက် လူနှစ်စုခွဲကြသည်။ တစ်စုက မြို့ပေါ်တွင် ဘုရားလူကြီး ဦးကိုကိုကြီး သား ကိုဝင်းလှိုင်ဆီမှာ တည်းကြမည်။ ကိုမြမောင်နှင့်ကိုတင်မောင် ညီအစ်ကိုက ကျွန်တော့်ရွာ ကျွန်တော့် ဂေဟာ သို့ ရောက်ဖူးအောင် လိုက်ကြမည်။ သို့ဖြင့် ညနေ ၆ နာရီ လောက်မှာ ကျွန်တော်တို့ရွာ ရောက်ကြ သည်။ ထိုအချိန်တွင် ကျွန်တော်တို့ရွာ လှည်းလမ်းမပေါက်သေး၍ ကိုမြမောင်၏ မာစီးဒီးကားကြီး တာလမ်း ဘေးရှိ ကျွန်တော့်ဆွေမျိုးအိမ်တွင် ထားခဲ့ပြီး ရွာထဲ ဖိနပ်ချွတ်၍ ဝင်ခဲ့ကြရသည်။

ကျွန်တော်တို့သည် မြို့ပေါ်မှ ဘာမျှစားစရာများ ဝယ်မလာခဲ့ကြပေ။ အိမ်ရှိကြက်ကို ကာလသား ချက်စားကြမည်ဟု ရည်ရွယ်ချက်ရှိခဲ့ရာ အဆင်သင့်ပင် ကျွန်တော့်အိမ်မှာ တော်သလင်း တွင်းအောင်း ကြွက်သားကြီး တွေ ဆီပြန်ချက်ထားသည်နှင့် ကြုံလေသည်။ သို့ဖြင့် အစားအတွက် ကျွန်တော်တို့ အဖို့ တောဟင်း တောချက်ခံတွင်းအပြောင်းအလဲ အဆင်ပြေ သွားလေသည်။

သို့သော် ညအိပ်သောအခါ ကိုမြအောင်အတွက် အခက်တွေ့လေပြီ။ သူသည်ရန်ကုန်မှာ စထရင်း ဟိုတယ် တွင် လေအေးစက်နှင့် အခန်းမှာ နေသည်။ မန္တလေးရှိ သူ့တိုက်မှာလည်း သူ့အခန်းတွင် လေအေးစက်နှင့် ဖြစ်၏။ သူနေသော အခန်းတွေမှာ ခြင်ယင်မျှ မဝင်နိုင်သည် ဖြစ်၍ အိပ်ရာတွင် ခြင်ထောင်မရှိပေ။
ယခု ကျွန်တော်တို့အိမ်ကား သွပ်မိုးပျဉ်ထောင်။ တောရွာဓလေ့ ညအချိန်မှာ တံခါးတွေ အလုံ ပိတ်ရသည်။ အခါရာသီ ကလည်း တော်သလင်းနေ ပုဇွန်သေ။ ခြင်တွေကလည်း တဝီးဝီး၊ ခြင်ထောင်ကလည်း ရွာရက် ဇာဖျင်ကြမ်းကြီး။ ကိုမြမောင်အဖို့ လှလှကြီး ဒုက္ခတွေ့လေပြီ။ သူသည် အားနာပြီး အတော်ကြာ အောင့်အည်း နေသေး၏။ နောက်ဆုံး၌ မတတ်သာပြီ။

"ကိုဆွေ.. ခုည ပြန်စို့ဗျာ" ဟု စတင်ပြောတော့၏။
ကျွန်တော်ကလည်း ပြန်ချင်နေပေသည်။
သို့သော် ကျွန်တော်တို့သည် ၉ နာရီလောက်ကြီး ရွာမှ ထွက်ခဲ့ကြ၍ ညတွင်းချင်း ရန်ကုန်သို့ ပြန်ခဲ့ကြတော့၏။
"ငါ့လခွီး…. ဒါဖြင့် မင့်လူက တယ်ပြီးနေရာရွေးတဲ့လူပါလားဟ"
ကျွန်တော့် စကားအဆုံး ၌ ဦးထွန်းစိန်က မှတ်ချက်ချ၍ ကျွန်တော်က"နေရာတင်မဟုတ်ဘူး၊ အစားအသောက်လဲ သိပ်ရွေးတယ်၊ ဝီစကီလဲ ထိပ်တန်းမှ သောက်လို့ဖြစ်တယ်"
"ဝီစကီ ဆိုတာ ဘာလဲဟ ရန်ကုန် တို့လာတုန်းက ဟိုတယ်မှာ မင်းတို့ကို တိုက်တဲ့ဟာမျိုးလား"
"မဟုန်ဘူး၊ အဲဒါက ရမ်၊ ဝီစကီက ရမ်ထက် လေးငါးဆ အဖိုးတန်တယ်"

"ဟာ.. ဒါဖြင့် သိပ်ကောင်းလို့ပေါ့"
"ဒါပေမယ့်… ဦးထွန်းစိန်တို့တော့ ကြိုက်မှာမဟုတ်ဘူး၊ ရမ်တောင်မကြိုက်တာပဲ"
ကိုမြမောင်အကြောင်းရေးရင်း သူတို့အကြောင်းလည်း ပြောရဦးမည်။ တစ်ကြိမ်သောအခါ၌ ဦးထွန်းစိန်နှင့် ကိုမောင်ခို သည် အသွားအပြန်စရိတ်ခံပါမည်ဟု ကျွန်တော့်၏ပင့်ဖိတ်ချက်ဖြင့် ရန်ကုန်သို့ ရောက် လာကြသည်။ ပထမ သူတို့အာသီသ ထားကြသော ဘုရားတွေအစုံ လိုက် ပို့ပြီးနောက် ညနေစောင်းမှာ (ထိုစဉ်က ကျွန်တော်စားကျက်) တာဝှာဟိုတယ်သို့ ခေါ်ခဲ့သည်။

မြည်းစရာတွေ တော်တော်များများမှာပြီး ရမ်ပုလင်းတစ်လုံးထောင်၍ ထိုစဉ်က ဟိုတယ်ထုံးစံ အတိုင်း ဘွိုင်တစ်ယောက် ကို အနားထားပြီး ပြုစုစေသည်။ ဘွိုင်က လိုသမျှ ယူပေးရသည်။ အရက်ငှဲ့ပေးရသည်။ ရေခဲ ဆော်ဒါ ထည့်ပေးရသည်။
စီးကရက် ထုတ်လိုက်လျှင် မီးခြစ်ပြီး ညိပေးရသည်။ ဒါတွေကို ပြချင်လို့ပဲ ကျွန်တော်သူတို့အား ဟိုတယ်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဘွိုင်ထည့်ပေးသည့်အတိုင်း အရက်သုံးခွက်စီ လောက် သောက်ပြီးနောက် ဦးထွန်းစိန်က စတင်၍ "ငါ့လခွီး… မင့်ဟာကြီးသောက်ရတာက ဖျော်ရည်သောက်ရသလို ပါပဲလားဟ"
ကိုမောင်ခိုက…. "အေးကွာ… ဟုတ်တယ်၊ ဟာဒီ အဖြူရေနဲ့ ရေခဲမပါဘဲ အနီချည်း မသောက်ရ ဘူးလား"

ကျွန်တော်ရယ်မိ၍…
"ဟာ… သောက်ရပါတယ်၊ ဟေ့.. ဘွိုင် ရမ်ချည်းနိဝမ်းပက်စ်စီလောက် ထည့်ပေးလိုက်စမ်းပါ ကွာ"
သူတို့သည် သည်အတိုင်း မော့ချလိုက်ကြပြီးမှ မျက်နှာမရှုံ့ဘဲ…"အင်း.. ဒီလိုဆို တော်တော်ရှိ သေး၊ ဒါပေမယ့် တို့ဆီက ချက်အရက်လောက် မကြိုက်ပေါင်ကွာ၊ ဒီဆိုင်မှာက ချက်အရက် မရောင်းဘူးလား"
"ချက်အရက်နဲ့ တူတာတော့ရှိတယ်၊ သောက်ကြည့်ကြပေါ့" ဟုဆိုပြီး ဘွိုင်အား ဂျင်ဝမ်းပက်စီ ယူခိုင်း လိုက်သည်။
သူတို့သည် ဂျင်ကို သောက်ပြီးနောက် မှတ်ချက်ချကြပြန်သည်။

"အဝင်တော့ တော်သားဟေ့၊ ရင်ထဲ ပူဆင်းသွားတယ်၊ ဒါပေမယ့် ရေမွှေးစော်ကြီး နံတယ်ကွာ၊ အရက်နဲ မတူဘူး၊ အဲဒါ ခု.. တို့သောက်တဲ့တစ်ခွက် ဘယ်လောက်ပေးရမလဲ"
"နှစ်ကျပ်ခွဲ.. ဒရိုင်းဂေါ်ဒွင်ဂျင်"
ဦးထွန်းစိန်သည် ရင်ဘတ်ထု၍…
"ဟာ.. ငါ့လခွီးတဲ့၊ တစ်ပုလင်းလောက် ဝယ်သွားမလာအောက်မေ့တယ်"
ကိုမောင်ခိုက..
"ရွာက ညီပု ထန်းလျက်အရက် မီးတောက်နှစ်ကျပ်ခွဲ သောက်တော့မှာပေါ့ဗျ"
ဦးထွန်းစိန်က…
"အေးလေကွယ်.. ဒါက ညီပုအရက်လောက်တော့လာသား၊ ဈေးချင်းတူမလားလို့ မေးကြည့် တာ"
"ဟင်.. သူတို့ဆီက ဘာမှမဟုတ်လဲ ဟိုတယ်မှာဆိုတော့ ဟိုတယ်ဈေးတွေ ကြီးနေတာပေါ့ဗျာ"

ဟု ကိုမောင်ခိုက နောက်ဆုံးမှတ်ချက်ချလိုက်၏။
မှန်ပါသည်။ ချက်အရက်သောက်နေသူများသည် ချက်အရက်ကလွှဲလျှင် သူတို့ပါးစပ် ဘာမှ မတိုးတော့ပြီ။
ကျွန်တော်သည် စိတ်ကျေနပ်လောက်အောင် တစ်ပတ်မျှ ရွာတွင်နေပြီး ရန်ကုန်သို့ပြန်ခဲ့၏။ နေအိမ်သို့ ညနေ ၄ နာရီလောက်ရောက်၍ နောက်တစ်နေ့နံနက် လှည်းတန်းဈေးက ဈေးဝယ် အပြန် ကမာရွက် ဂါတ်အနီးရှိ တယ်လီဖုန်းမှ စထရင်းဟိုတယ်သို့ ကိုမြမောင် ရှိ မရှိ ဖုန်းဆက် မေးကြည့်၏။

ကိုမြမောင်သည် မန္တလေးနှင့် ရန်ကုန်ကို သွားချင်တဲ့အချိန်သွား၊ ပြန်ချင်တဲ့အချိန်ပြန်၊ ကူးဂလန်ခတ်နေသူ ဖြစ်၏။ မန္တလေး ဒါးတန်းရေခဲစက်နှင့် ဘိလပ်ရည်စက်မှာ သူတို့ဟာဖြစ် ၏။ ရန်ကုန်ခြောက်မိုင်ခွဲတွင် သူတိုက်တစ်လုံးရှိ၏။ နိုင်ငံခြားသားတွေငှားလျှင် တစ်လ ၁၅၀၀ ကျပ်ရ၏။ သို့သော် သူငှားလို မှငှား၏။ အိမ်က အားနေသော်လည်း ဒရဝမ် နှင့်မာလီ သာ ထား၍ သူက ထိုအိမ်၌ နေလေ့မရှိ။ စထရင်း ဟိုတယ် မှာသာ တစ်နေ့ ၆၀ ကျော်(အစားမပါ) ပေး၍ နေ၏။ ကျွန်တော်နှင့် စတင်သိသောအချန်မှာ မိန်းမရှိ၊ လူပျိုကြီး လိုနေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၁ဝ)

ဒေါ်ငွေဇံက ဦးဝင်းမောင်ကို အလွန်အရေးပေးသည်။ အရင်က ဈေးလာဝယ်ရင်း အကြောင်းမရှိ အကြောင်း ရှာ စကားပြောရုံသာဖြစ်၏။ ဒါကို ဒေါ်ငွေဇံက
''မောင်ဝင်းမောင်ပါလား၊ လာလေကွယ်၊ လက်ဖက်စားပါဦး ၊ ရေနွေားကမ်းသောက်ပါဦးလေ''
ဆိုပြီး အိမ်ပေါ်ကို ဖိတ်ခေါ်တတ်သည်။ ဦးဝင်းမောင်ကြီးကလည်း
''ဒါဆိုရင်တော့ ကျွန်တော်အားမနာတော့ဘူးနော်''
ဟု နောက်သလို ပြောင်သလိုပြောရင်း ဧည့်ခန်းမှာ တက်ထိုင်တက်လေသည်။ ပြီးတော့ နာရီဝက် တစ်နာရီ ကြာအောင် စကားတွေ ပြောနေတတ်၏။ ထိုအခါမျိုးမှာ ဒေါ်ငွေဇံကလည်း ပြုံးပြုံး ပြုံးပြုံးနှင့်ဧည့်ခံလေရှိပြီး။

''မြလွင်ရေ နင့်အစ်ကိုကြီးကို လက်ဖက်ကလေး သုပ်ပေးပါဦ၊ ရေနွေးကြမ်းလေး ယူခဲ့ပါဦး''
ဆိုတာမျိုး လုပ်တတ်သည်။ တစ်ခါတလေ..
''ဆိုင်ကို ငါကြည့်ထားမယ်၊ မောင်ဝင်းမောင်နဲ့ စကားပြောလိုက်ဦး''
ဟု ပေါ်တင်ကြီး ခွင်ဆင်တတ်သည်။
ဒါကို မြလွင်က မကြိုက်။ သူ့အမေရဲ့ အကြံအစည်ကိုလည်း ရိပ်မိသည်။ ခုလိုဦးဝင်းမောင်ကြီးက အိမ်ဦး ခန်းမှာ အခန့်သားရောက်နေတာကိုလည်း ရှက်သည်။ အရပ်ထဲက လူတွေက ဘယ်လိုပြောမလဲ။ ပိုက်ဆံရှိ တဲ့ မုဆိုးဖိုကြီးကို ချူစားမြူစားနေတယ်လို့ ထက်ကြမှာပေါ့။

''အဲဒီလူကြီးကို သိပ်အရောမဝင်စမ်းပါနဲ့ အမေရယ်''
''အို…. သူက ကိုယ့်ကိုခင်မင်ရှာလို့ တကူတက လာတာပဲလာ''
''သူများတွေ တစ်မျိုးထင်နေဦးမယ်''
''ဘယ်သူက ဘာထင်ထင် ဂရုစိုက်စရာလား၊ မောင်ဝင်းမောင်လို ဧည့်သည်မျိုး တို့အိမ်လာတာ ဂုဏ်ယူဖို့ တောင် ကောင်းသေးတယ်''

ဟုဆိုသည်။ မကြာခဏဆိုသလိုလည်း စကားမစပ်လုပ်၍ ''ညည်းလည်း အရွယ်ရှိတုန်း အားကိုးရာလေး ဘာလေး ရှာထားဦးနော် ငါက အသက်ထောက်လာပြီး ညည်းကို ရေရှည်စောင့်ရှောက်ဖို့ မလွယ်ဘူး၊ အေးတစ်ခုရှိတယ်၊ အိမ်ထောင်ပြုဦးမယ်ဆိုရင်တော့ ကိုယ်ကမှီရတဲ့ လူကို စဉ်းစားကြားလား'' ဟု ဆွယ် ပြောပြောတတ်၏။
ဦးဝင်းမောင်ကြီးကတော့ ဒေါ်ငွေဇံအားကိုးနှင့် အိမ်ကိုမကြာခဏ ဝင်ထွက်နေတော့သည်။ ကြုံတဲ့အခါတိုင်း လည်း လက်ဆောင်တွေယူလာတတ်သည်။ ဒေါ်ငွေဇံနှင့် မြလွင်တို့အတွက် ထဘီများ၊ အင်္ကျီများ၊ သဲသဲ ချစ်အတွက် ဂါဝန်ကလေးများ ကစားစရာများ၊ မုန့်များ။

ထိုလက်ဆောင်များကို မြလွင်က မလိုချင်၊ ဒေါ်ငွေဇံက လက်ခံထားတာဆိုတော့လည်း ဘာမှမတတ်နိုင်။ သို့ရာတွင် မြလွင်က လုံးဝဝတ်ဆင်ခြင်းမရှိ။
သဲသဲချစ်ကတော့ ဘာမှမသိ။ ကစားစရာလေးတွေ၊ မုန့်တွေရသောကြောင့် သဘောကျနေသည်။ ဦးဝင်းမောင်ကြီးကိုလည်း 'ဘဘ'ဟု ခေါ်ပြီး တရင်းတနှီး ဆက်ဆံသည်။ ဦးဝင်းမောင်ကြီးက သဲသဲချစ်ကို မွေးစားလိုက်ရင် ကောင်းမယ်ထင်တယ်ဆိုသော စကားကိုတောင် ပြောလာပြီ။

သူက ပေါင်းတတ်သင်းတတ်သူ ဖြစ်သောကြောင့် ချစ်ဦးကိုလည်း စည်းရုံးထား၏။ ပုဆိုးလေး၊ စပို့ရှပ်လေး ဝယ်ပေးလိုက်၊ လက်ဖက်ရည်ဝယ်တိုက်လိုက်၊ မုန့်ဟင်းခါး ဝယ်ကျွေးလိုက်နဲ့ပေါ့။
တစ်ရက်မှာတော့ ဦးဝင်းမောင်ကြီးနှင့် ဒေါ်ငွေဇံတို့ စကားပြောနေတုန်း ချစ်ဦးရောက်လာသည်။
''ဟေ့ကောင် ချစ်ရူး၊ ဘယ်ကပြန်လာတာလဲကွ''
ဟု ဦးဝင်းမောင်ကြီးက နှုတ်ဆက်သည်။
''ဘိယိယက်ခုံက ပြန်လာတာဗျ''

''အမယ်၊ မင်းက ဘိလိယက်လည်း ထိုးသလား၊ ပတေးလှမြင့်နဲ့ မင်းနဲ့ ဘယ်သူက လက်ရည်သာသလဲကွ၊ သူကတော့ အရှေ့တောင် အာရှချန်ပီယံ ကျော်ဦးဟာအရင်က သူသင်ပေးလိုက်တာလို့ ကြွားနေပါလား''
''ဟာဗျာ၊ ကျွန်တော်က သွားကြည့်ရုံကြည့်တာပါ။ ဘိလိယကိထိုးတာတော့ ဝါသနာမပါပါဘူး၊ ဘယ်နှယ့် ဗျာ ဘောလုံးကို လက်နဲ့ကိုင်ပြီး လှိမ့်သွင်းလိုက်ရင်ပြီးတဲ့ဟာကို အလုပ်ရှုပ်ခံပြီး တုတ်နဲ့ ထိုးနေကြတာပဲဗျ''
''ဟား… ဟား… ဟား မင်းကတော့ ပြောရော့မယ်''
ချစ်ဦးသည် သူ့တဲကလေးဘက် လျှေက်သွားတော့မည်ပြုပြီးမှ လှေကားရင်းမှာ ချွတ်ထာူးသော ဦးဝင်းမောင် ကြီး၏ ဖိနပ်ကို မြင်သွား၏။

''ဟာ.. ဦးဝင်းမောင်ကြီး ဖိနပ်က အောကတ္တိပါပဲ၊ တယ်ကောင်းပါလား''
''မင်းကြိုက်လို့လား၊ နောက်တစ်ခါလာရင် ဝယ်လာခဲ့ပေးမယ်၊ ဖိနပ်အတိုင်းသာပေးလိုက်''
ကျွန်တော်က ရွှံ့ထဲသဲထဲ သွားနေတာ ဖိနပ်အသစ်ဆိုရင် နှမြောစရာကြီး''
''ဟဲ့.. အလိုက်ကန်းဆိုးမသိ၊ ဧည့်သည်ဖိနပ်ကို တောင်းရသလား''
ဒေါ်ငွေဇံက ဝင်ဟန့်သည်။

''ကျွန်တော်က ဖိနပ်အဟောင်းလေးပဲ တောင်းတာပါဗျ''
ချစ်ဦး၏ တုန့်ပြန်စကားက အဓိပ္ပာယ်ကျယ်ဝန်းသည်။ ဒေါ်ငွေဇံက…
''ဘာပြောတယ်''
ဟု ဟောက်လိုက်စဉ်မှာ ဦးဝင်းမောင်ကြီးက ဝင်၍
''ရပါတယ်၊ ရပါတယ် မင်းလိုချင်ယူလိုက်လေ''
ဟု ပြောသဖြင့် ချစ်ဦးလည်း သူ့ ရာဘာဖိနပ်မြီးတိုကို ချွတ်ထားခဲ့ပြီး ကတ္တီပါဖိနပ်ကို စွပ်ပြီး ထွက်သွားလေ ၏။
ချစ်ဦးအနေဖြင့်  ဦးဝင်းမောင်ကြီးအပေါ်မှာ မတင်မကျ သဘောထားရှိနေ၏။ ဦးဝင်းမောင်ကြီးသည် စေတနာကောင်းသည်။ သူ့အပေါ် လိုက်လိုက်လျောလျောရှိသည်။ စိတ်ရင်းကောင်းပုံလည်း ရသည်။ ထို့ ကြောင့် ခင်မင်မိ၏။

တဖက်က ကြည့်တော့လည်း ဦးဝင်းမောင်ကြီး တစ်ယောက်သူ့တို့အိမ်ကို လာလာနေတာ သွေးရိုးသားရိုးမ ဟုတ်။ မြလွင်ကို လာရှိတ်နေခြင်းဖြစ်သည်ဟု လူတွေကပြောကြသည်။ တချို့ကဆိုလျှင် ''ကိုယ့်အဖေ အရွယ်ကြီးကို ယောက်ဖတော်ရမှာ မင်းမရှက်ဘူးလား'' ဟု စနောက်ကြသည်။ ကိုဘိုလေးကလည်း ''မင်း က ငါပြောတာမှ လက်မခံပဲကွ'' ဟု ပြောသေးသည်။
ချစ်ဦးသဘောကတော့ ဦးဝင်းမောင်ကြီးသည် နည်းနည်းပေါတောတောနိုင်သော်လည်း ပိုက်ဆံလည်းရှိ၊ သဘောလည်း ကောင်းသူဖြစ်သဖြင့် မြလွင်ကသာလက်ခံမယ်ဆိုလျှင် သူ့အနေဖြင့် မကျေနပ်ဖြစ်စရာ မရှိ။

သို့ရာတွင် မြလွင်နှင့် ဦးဝင်းမောင်ကြီးတို့ ယူကြမည်ဆိုလျှင် သဲသဲချစ်ကိုပါ ပေးလိုက်ရမယ်ဆိုသော အချက် ကိုတော့ သူလုံးဝ လက်မခံနိုင်။ ဒီကြားထဲမှာ ဦးဝင်းမောင်ကြီးက သဲသဲချစ်ကို မွေးစားရကောင်းမလား၊ စဉ်း စားနေသယောင်ယောင်သတင်း ကြားရသောအခါ သူမခံမရပ်နိုင် ဖြစ်သွား၏။ ထို့ကြောင့်
''ဦးဝင်းမောင်ကြီးက အိမ်ကို ဘာကြောင့် ခဏခဏ လာရတာလဲ''
ဟု မြလွင်ကို မကျေမနပ် မေးသည်။ မြလွင်ကတော့ ဖြေပြောပြော၏။
''သြော်… ခင်လို့ မင်လို့ပေါ့ မောင်လေးရယ်''
''ခင်စရာအိမ် ဒီလောက်ရှားသလားဗျ၊ ကျွန်တော့်တို့အိမ်မှ ရွေးပြီး ခင်ရသလား၊ ပြီးတော့ အဒေါ်ကြီးမ လည်း သူလာရင် သွားကိုဖြဲနေတာပဲ၊ ကျွန်တော့်သူငယ်ချင်းတွေလာတာကျတော့ အိမ်ရှု့ပ်သလေး ဘာလေးနဲ့ သူက မမကို လာရှိတ်နေတာဗျ။ သိရဲ့လား''
''ဟုတ်မယ် မထင်ပါဘူးဟယ်''

''ဘာလို့ မဟုတ်ရမှာလဲ လူတိုင်းပြောနေတာ၊ ဒီမှာ .. ကျွန်တော်ကတော့ သဘောမတူဘူးနော်၊ မမက ငယ် ငယ်လေးရှိသေးတာ၊ အခုမှ အစိတ်ပဲရှိသေးတယ်၊ သူက ငါးဆယ်လောက်ရှိပြီ''
မြလွင် အနေဖြင့် သူလည်းသဘောမကျကြောင်း ပြောလို့မဖြစ်၊ ချစ်ဦးက ယုံရတာမဟုတ်၊ တော်ကြာ ဦးဝင်း မောင်ကြီးကို တစ်ခုခုသွားလုပ်လိုက်လျှင် မျက်နှာပူစရာဖြစ်လိမ့်မည်။ ထို့ကြောင့် ဖေးဖေးမမ လုပ်နေရ၏။ ချစ်ဦးက ဆက်ပြောသည်။
''အသက်ချင်းက နှစ်ဆတောင် ကွာတယ်ဆိုတော့ မမစဉ်းစားကြည့် အခုမမအသက်က အစိတ်မှာ သူကငါးဆယ်၊ မမအသက်သုံးဆယ်ဆိုရင် သူက ခြောက်ဆယ်၊ မမသုံးဆယ့်ငါးနှစ်မှာ ခုနှစ်ဆယ်၊ မမလည်း အသက်လေးဆယ်ရှိရော သူက အသက်ရှစ်ဆယ်အရွယ် အဘိုးအိုကြီးဖြစ်နေမှပေါ့''

ချစ်ဦးက အသက်ချင်း နှစ်ဆယ်ငါနှစ် ကွာတယ်ဆိုသော အချက်ကို အခြေမခံဘဲ နှစ်ဆကွာတယ်ဆိုတာကို မူတည်ပြီး တွက်ပြလိုက်ခြင်းဖြစ်၏။ အဖြက မှားသော်လည်း သီအိုရီသဘောအရဆိုလျှင်တော့ တွက်နည်း မှန်သည်ဟု ဆိုကောင်းဆိုနိုင်သည်။
ဒါမျိုးကို သာမန်လူတို့ မတွေးခေါ်နိုင်။ ချစ်ဦးတို့လိုလူမျိုးနှင့် ဦးနှောက်အလွန်းကောင်းသော ဥာဏ်ကြီးရှင် တို့သာ စဉ်းစားနိုင်သော ပုစ္ဆာမျိုးဖြစ်၏။ တစ်ခါတလေကျတော့လည်း ရူးခြင်းနှင့်ထူခြင်းသည် သိပ်မကွာ ခြားလှပါ။
မြလွင်ကတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး။

''မမကို စိတ်ချစမ်းပါ မောင်လေးရယ်၊ မမ တစ်သက်မှာ အစ်ကိုချစ်မှူးကလွဲရင် ဘယ်သူ့ကိုမှ စိတ်မကူးဘူး လို့ ဆုံးဖြတ်ပြီးသားပါ။ မမစိတ်ထဲမှာတော့ အစ်ကိုချစ်မှူးဟာ မမတို့နဲ့ အတူခုထိ ရှိနေတယ်လို့ ထင်နေ တုန်းပဲ ကျေနပ်ပြီလား''
''ကျွန်တော်လည်း အဲဒီအတိုင်းပဲ ထင်နေတာပါပဲဗျ''
ဟု ချစ်ဦးက ကျေနပ်သွားသော လေသံဖြင့် ပြန်ပြော၏။

ဒေါ်ငွေဇံ မျှော်လင့်နေသောရက်သည် တဖြည်းဖြည်းနီးလာပြီဟု ဆိုကောင်းဆိုနိုင်၏။ ဦးဝင်းမောင်ကြီး သူတို့ အိမ်ကို လာလည်သောရက်တွေ စိပ်လာသောကြောင့်ဖြစ်၏။
ဒေါ်ငွေဇံကလည်း အမြဲတမ်း 'ဝဲလ်ကမ်း' လုပ်ရုံတွင်သာမက ထမင်းတွေ ဘာတွေတောင် ဖိတ်ကျွေးလိုက် သေးသည်။ မြလွင်ဟင်းချက်ကောင်းကြောင်း သိစေချင်သော ကြောင့်ဖြစ်၏။ ဒီလိုအရွယ်ကြီးတွေက ဟင်းကောင်းကောင်းကြိုက်တတ်သည်။

မြလွင်ကလည်း ဒီအကွက်ဆင်နေတာသိသည်။ ထို့ကြောင့် ဦးဝင်းမောင်ကြီးစိတ်ကုန်သွားအောင် ဆိုပြီး ဟင်းတွေကို အဆီအငေါ်မတည့် စပ်ဟပ်လိုက်တာမျိုး၊ ငန်ကျွတ်နေအောင်၊ ခါးတူးနေအောင် စပ်လန်နေ အောင် ချက်လိုက်တာမျိုးတော့ မလုပ်ပါ။ သူ့ပင်ကိုယ်စိတ်ဓာတ်ကိုက ဒီလိုပညာပြတာမျိုး ဝါသနာမပါ။ ဘယ်သူအပေါ်ပဲဖြစ်ဖြစ် စေတနာထားတတ်သည်။ ထို့ကြောင့် ဟင်းတွေကို ကောင်းကောင်းမွန်မွန်ပဲ ချက် ကျွေးသည်။
ဦးဝင်းမောင်ကြီးကလည်း မြလွင်လက်ရာကို အလွန်သဘောကျသည်။ ဟန်ဆောင်ပန်ဆောင် လောကွက် ပြုခြင်းမဟုတ်။ တကယ်ကို ခံတွင်းတွေ့ခြင်းဖြစ်၏။ ဟန်မဆောင်နိုင်ဘဲ မြိန်ရေရှက်ရေ စားတတ်သည်။ ''

''အေးဗျာ၊ ကျွန်တော်က တစ်ကိုယ်တည်းသမားဆိုတော့ အိမ်မှာ ဖြစ်သလိုစားနေရတာ၊ အိမ်က တပည့် ကျော်က ချက်တော့ ကျွေးပါရဲ့ ယောက်ျားလေးဆိုတော့ ဖွယ်ဖွယ်ရာရာမလုပ်တတ်ဘူး။ ဆိုက်က ဝယ်စား ရတာပဲများပါတယ်။ ကျွန်တော့်တစ်သက်မှာ ခုလောက်ကောင်းတဲ့ လက်ရာမျိုး တစ်ခါမှ မစားဖူးသေးဘူး။ ဒါမျိုးသာနေ့တိုင်း စားလိုက်ရ ဘယ်လောက်ကောင်းမလဲဗျာ''
ဟု တိုင်လိုက်သည်။ ဒေါ်ငွေဇံကလည်း…
''ဒါတော့ တစ်နေ့နေ့ ဖြစ်လာမှာပေါ့ကွယ်''
ဟု ဖောက်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြိုင်တူရယ်ကြ၏။ မြလွင်က နားရှက်ပြီးအနားမှာ မနေတော့ဘဲ ဆိုင်ထဲ သွားနေလိုက်၏။

ချစ်ဦးကတော့ ဦးဝင်းမောင်ကြီး ထမင်းလာစားတာကို သဘောကျသည်။ ဒီလိုနေ့မျိုးဆိုလျှင် သူလည်း ဟင်းကောင်းကောင်း စားရသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဦးဝင်းမောင်ကြီးကို ခဏ ခဏ ထမင်းစား ဖိတ် ဖို့ တိုက်တွန်းလေသည်။
''အိမ်မှာ ထမင်းလာစားဦးလေဗျာ''
ဟု ဦးဝင်းမောင်ကြီးကိုလည်း ပြောတတ်သည်။ ဒါတွင်မက..
''မမမြလွင်က ဝက်သားသုံးထပ်သားကို မရန်းပြားနဲ့ ချက်တာ သိပ်ကောင်းတယ်ဗျ၊ ဒီတစ်ခါ ထမင်း လာစားမယ်ဆိုရင် အဲဒီဟင်းချက်ခိုင်းသိလား''

ဟု ဒလန်လုပ်တတ်သေးသည်။ သူက မြလွင်နှင့် သဘောမတူရသည့်အကြောင်းမှာ သဲသဲချစ်ကြောင့်သာ ဖြစ်၏။ သာမာန်အားဖြင့်ဆိုလျှင်တော့ ဦးဝင်းမောင်ကြီးကို ခင်မင်မိ၏။ မြလွင်နှင့် သဘောမတူတာက တခြား အိမ်မှာ ထမင်းလာစားတာက တခြားဟု ယူဆထားသည်။
ဦးဝင်းမောင်ကြီးခမျာမှာလည်း သိပ်စားသာလှတာတော့မဟုတ်။ သဲသဲချစ်ဆင်လုပ်စီးရတာကိုလည်း ခံရ သည်။ ချစ်ဦးအပေါ်လည်း အနွံတာခံရသေးသည်။
တစ်ရက်မှာ အိမ်ကိုလာလည်ရင်း တဲကလေးရှေ့မှာ တစ်စုံတစ်ခုကို ထုထောင်းနေသော ချစ်ဦးကိုတွေ့ရ၏။ ထို့ကြောင့် အနားကို လျှောက်သွားရင်း..
''ဘာလုပ်နေတာလဲကွ၊ ချစ်ရူးရ''

ဟု နှုတ်ဆက်လိုက်သည်။ ချစ်ဦးသည် မြက်တွေကို ဆုံထဲထည့်ထောင်းနေခြင်းဖြစ်၏။ သူက …
''မြတ်နို့ ညစ်နေတာဗျ''
''ဘာ… မြက်နို့ ဟုတ်လား''
ချစ်ဦးက ခေါင်းညိတ်ပြပြီး….
''ဟုတ်တယ်၊ ဦးဝင်းမောင်ကြီး စဉ်းစားကြည့်လေ မြက်စားတဲ့နွားရဲ့နို့ကို လူတွေက အားရှိတယ်ဆိုပြီး သောက်ကြတယ်၊ ဒါဆိုရင် မြက်ထဲမှာ နွားနို့ဓာတ်တွေပါတာပေါ့ဗျ၊ ဒီတော့ မြက်ကိုအရည်ညစ်ပြီး သောက် ရင် နွားနို့လိုပဲ အားရှိမှာပဲမဟုတ်ဘူးလား''
ဦးဝင်းမောင်ကြီးလည်း ချစ်ဦးကျေနပ်အောင် အလိုက်အထိုက် သဘောဖြင့်
''အေး .. ဖြစ်နိုင်တယ်ကွ၊ ကြည့်စမ်း ငါတောင်ဒါကို မစဉ်းစားမိဘူး မင်းတော်တော်အတွေး အခေါ်ကောင်း တဲ့ကောင်ပဲ''
ဟု ချီကျူးလိုက်၏။ ဒါဟာ ဦးဝင်းမောင်ကြီးရဲ့ အမှားပဲ။ ချစ်ဦးက ထောင်းပြီးခါစ မြက်ဖက်များကို ယူ၍ ပန်းကန်လုံးထဲညစ်ထည့်သည်။

''ခုဆိုရင် ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အားရှိတဲ့နည်းကို တီထွင်နိုင်ပြီဗျ၊ ကဲ အားပေးလိုက်ပါဦး''
ဆိုပြီး ပန်းကန်လုံးကို ကမ်းပေးလိုက်၏။ ဦးဝင်းမောင်ကြီး မျက်လုံးပြူးသွားပြီး…
''အဲ… ဟိုဒင်း…. ဒါကတော့''
''ကျွန်တော်ကို ဂုဏ်ပြုတဲ့အနေနဲ့  တစ်ခွက်သောက်ပါဗျာ''
ဦးဝင်းမောင်ကြီးအင်တင်တင်လေသံဖြင့်…
''ဟာ… ငါမသောက်တော့ပါဘူး၊ ဗိုက်ပြည့်နေလို့''
''ဘာလဲ ကျွန်တော်အောင်မြင်မှုကို အသိအမှတ် မပြုတဲ့ သဘောလား''
''ဟာမဟုတ်ပါဘူး၊ ငါက… ဟုဥစ္စာ''
''သြော်… ဦးဝင်းမောင်ကြီးက ကျွန်တော့်ကို အထင်သေးတာပေါ့လေ၊ ဒါဆိုလည်း ရတယ်ဗျာ ကျွန်တော် က လူကြီးမို့ ဦးဦးဖျားဖျားတိုက်တာပါ စေတနာကို တန်ဖိုးမထားဘူးဆိုလည်း ပြီးတာပဲ''
ဦးဝင်းမောင်ကြီး နည်းနည်ူးဖြုံသွားသည်။ ခုချိန်မှာ ချစ်ဦးစိတ်ဆိုးအောင် လုပ်လို့မဖြစ်၊ သူနှင့် အတိုက်အခံ ဖြစ်မှာကို မလိုလား၊ ထို့ကြောင့်….
''ကဲ.. ကဲ… တစ်ငုံလောက်တော့ မြည်းကြည့်မယ်ကွာ''

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၂၃)

ကြူကြူသင်း
သုံးဖက်မြင်၊ လေးဖက် လှစေဖို့

ဝတ္ထုရှည် လုံးချင်းဝတ္ထုတွေ ရေးနေကြတဲ့ စာရေးဆရာ၊ ဆရာမများနဲ့ တွေ့ဆုံပေးနေရာက ဒီလမှာတော့ ၀တ္ထုတို တွေကို ရေးအားသန်ပြီး ၀တ္ထုတိုပေါင်းချုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့တဲ့ စာရေးဆရာမ ကြူကြူသင်း နဲ့ တွေ့ဆုံပေးချင်ပါတယ်။

" စာဖတ်သူ အများစုရဲ့စိတ်ထဲမှာ "တက္ကသိုလ်ကြူကြူသင်း" ဆိုတာနဲ့ "ကြူကြူသင်း" ဆိုတာ တစ်ယောက်စီ ပဲလား၊ တစ်ယောက်တည်းပဲလား ဆိုတာ မကွဲပြားဘဲ ဖြစ်နေကြပါတယ်။ ဆရာမ သိတဲ့ အတိုင်း ဒီနေ့ အနုပညာလောကမှာလည်း သိုးကာသီကာ လွဲတဲ့ နာမည်တူတွေ ရှိနေကြတယ် မဟုတ်လား။ တချို့ကလည်း နာမည်တူ စာလုံးပေါင်း ကွဲရုံနဲ့ တစ်ယောက်စီ ဖြစ်သွားတယ်။ တချို့ ကလည်း ရှေ့က "မောင်" တို့၊ "မ"တို့ ထည့်လိုက်တာနဲ့ပဲ တစ်ယောက်စီ ဖြစ်နေတယ်လေ။ ဒါကြောင့် ဆရာမ ပရိသတ် အတွက် ဒီမေးခွန်းက စပြောလိုက်ကြရအောင် "

" ဒီမေးခွန်းကို ကျွန်မ စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ မကြာခဏ ဖြေရှင်းခဲ့ရပါတယ်။ ခုထိလည်း ဒီကလောင်နာမည် နှစ်ခုနဲ့ ပတ်သက်ပြီး စာဖတ်သူတွေ ဒွိဟဖြစ်နေကြတုန်းပါပဲ။ ပေဖူးလွှာလို စာဖတ်သူ အကြိုက်များတဲ့ မဂ္ဂဇင်းကြီး တစ်စောင်ကနေ ဖြေရှင်းခွင့်ရတာ "မှာထား အလားသင့်" ဆိုသလို ဖြစ် သွားပါ တယ်။ တစ်ယောက် တည်းပါပဲ ကိုဝင်းငြိမ်း။ ၁၉၅၈ ခုနှစ် ရန်ကုန်တက္ကသိုလ်ကို ရောက်တော့ မူလ "ကြူကြူသင်း" ရှေ့မှာ "တက္ကသိုလ်" ထည့်ခဲ့ပါတယ်။ အဲဒီ "တက္ကသိုလ်ကြူကြူသင်း" ဆိုတဲ့ ကလောင်နာမည် နဲ့ ရေးခဲ့တာ ၁၉၇၂ ခုနှစ်အထိပါ။ ခုနောက်ပိုင်းမှာတော့ "ကြူကြူသင်း" ဆိုတဲ့ ကလောင်နာမည် နဲ့ပဲ ဆက်ရေးနေပါတယ် "

" ကလောင်နာမည်အကြောင်း ဖြေရှင်းပြီးတဲ့နောက် ဆရာမ စာပေလောကထဲ ၀င်ရောက်လာပုံကို သိပါရစေ"
" သိပ်တော့ မထူးခြားပါဘူးလေ။ စာပေ မွေ့လျော်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတော့ ငယ်ငယ် ကလေး ဘ၀ကတည်းက စာဖတ်ရတာကို နှစ်သက်တဲ့ ခံစားမှု ရှိခဲ့ပါတယ်။ မိဘတွေကလည်း စာဖတ်တာ ကို အားပေး လမ်းညွှန်မှု ပြုခဲ့ပါတယ်။ စာရေးချင်တဲ့စိတ် ပေါ်လာတာကို ကျွန်မ သတိထားမိတော့ အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်လောက် ရှိနေပါပြီ။ အဲဒီအချိန်မှာ ကျွန်မ စိတ်ဝင်စားတာက ကဗျာပါ။

ကဗျာဆရာကြီးများဖြစ်ကြတဲ့ မင်းသုဝဏ်၊ ဇော်ဂျီ၊ ကြည်အေး၊ နုယဉ် စသူတို့ရဲ့ ကဗျာတွေကို မြတ်မြတ် နိုးနိုး ဖတ်ခဲ့၊ နှစ်နှစ်သက်သက် အလွတ်ကျက်ခဲ့မိပါတယ်။ ကဗျာကို စိတ်ဝင်စားတော့ ကဗျာလေးတွေ စပ်ကြည့် မိပါတယ်။ ဒါပေမဲ့ ခက်တာက စာရေးချင်စိတ်တွေ တားမရ ဆီးမရ ဖြစ်လာတဲ့ အချိန်မှာမှ တစ်ချိန်က စာဖတ်တာကို အားပေးခဲ့တဲ့ မိဘတွေက ပိတ်ပင်ကြတော့တာပါပဲ။ အဲဒီ အချိန်တုန်းက ဘာကြောင့် ပိတ်ပင်ကြတာပါလိမ့်လို့ တွေးမရခဲ့ဘူး။ အခု စာလေး ဘာလေး ရေးပြီး စာရေး ဆရာဘ၀ကို ခံယူလိုက်ချိန် မှာမှ သြော် ... မိဘတွေက သူတို့သမီးလေးကို ချမ်းချမ်းသာသာ ရှိစေချင်လို့ဆို တာ သဘော ပေါက်လာရပါတယ်။

ဒီလိုနဲ့ ကိုယ့်ဘာသာရေးရင်း စာစောင်တွေ၊ မဂ္ဂဇင်းတွေကို ကဗျာလေးတွေ ပို့ပို့ကြည့်ရပါတယ်။ ပထမဦးဆုံး ပုံနှိပ်စာလုံးနဲ့ မြင်ရတာက "တိုင်းရင်းမေ ကဗျာဥယျာဉ်စခန်း"မှာလေ။ အဲဒီတုန်းက ၁၉၅၇ ခုနှစ် ရှစ်တန်း တက်ခါစပေါ့။ အဲဒီ နောက်ပိုင်းမှာတော့ ကဗျာလေးတွေ ရေးရာကနေ ၀တ္ထုတိုလေးတွေပါ ရေးဖို့ အားသန်လာပါတယ်။ စာပေလောကထဲကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်ဝင်လာနိုင်အောင် ကျွန်မကို ဦးစွာ လမ်းညွှန်ဖေးမခဲ့သူတွေကတော့ ကွယ်လွန်သူ ကဗျာဆရာမကြီး ငွေတာရီ၊ တက္ကသိုလ်မင်းမော်၊ ဆရာဒေါင်းနွယ်ဆွေ နဲ့ ဆရာသင်္ခါတို့ပါပဲ"
" ဆရာမတို့ ခေတ်က စာပေလောကထဲ ၀င်ရောက်ဖို့ ကြိုးစားရတာနဲ့ ဒီနေ့ ကြိုးပမ်းရတာ ဘယ်လို ကွာ ခြားမယ်ထင်ပါသလဲ"

" ကျွန်မတို့ ခေတ်က ခုခေတ်လောက်မလွယ်ဘူး ထင်ပါတယ်။ ဒီလိုလေ၊ ကျွန်မတို့ စာရေးစ လွန်ခဲ့တဲ့ နှစ် ပေါင်း အစိတ်ကျော်ကျော်လောက်က ရေးစရာ နေရာ သိပ်မရှိလှဘူး။ လစဉ်ထုတ် မဂ္ဂဇင်းစာစောင် စုစုပေါင်း မှ လေး ငါးစောင်လောက် ရှိတာ။ နောက်ပြီး စာရေးချင်သူ တစ်ယောက်အတွက် စာပေလောက နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကလည်း ရဖို့ နည်းပါတယ်။ မဂ္ဂဇင်းတွေကို စာမူ ဘယ်လို ပို့ရမှန်းတောင် တချို့ မသိခဲ့ကြပါဘူး။

စာရေးဆရာ ဆိုတာကို အသိအကျွမ်း ဖြစ်ချင်လွန်းလို့၊ တွေ့ဖူးမြင်ဖူးချင်လွန်းလို့ စုံစမ်းရ၊ အိမ်နား သွားချောင်းကြည့်ရနဲ့ ကျွန်မတို့ လုပ်ခဲ့ရပါတယ်။ စာပေရေးရာ၊ ၀ါဒသဘောထား၊ အဆိုအမိန့်၊ လမ်းညွှန်မှု တွေ ကျွန်မ တို့ မကြားခဲ့ မသိခဲ့ရဘူး။ မဂ္ဂဇင်းထဲပါလာတဲ့ အရေးအသားလောက်နဲ့သာ ကျေနပ် နေခဲ့ကြရပါ တယ်။ ခုခေတ်မှာတော့ စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ ဒါတွေ အများကြီး ရှိလာတော့ ကျွန်မတို့ခေတ်နဲ့ စာရင် နား၊ မျက်စိ ပွင့်နိုင်ပါတယ်။

ပြီးတော့ တစ်ခု၊ အခု ဒီဘက်ပိုင်းနဲ့ မတူတာက ဟိုတုန်းက လစဉ်ထုတ် မဂ္ဂဇင်းတွေထဲမှာ ရေးတဲ့ နာမည်ကြီး စာရေးဆရာတွေနဲ့ အပြင် လုံးချင်းဝတ္ထုရေးတဲ့ နာမည်ကြီး စာရေးဆရာတွေဟာ အတူတူပါပဲ။ ဥပမာ- သာဓု၊ တင့်တယ်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ရန်ကုန်ဘဆွေ၊ ခင်ဆွေဦး စသည်ဖြင့် ပေါ့လေ။ အခု ဒီဘက်ခေတ်မှာတော့ အဲသလို မဟုတ်ဘူး။
မဂ္ဂဇင်းက စာရေးဆရာ နာမည်ကြီးတွေနဲ့ အပြင် လုံးချင်းတွေရေးတဲ့ စူပါစတားတွေ အတူတူ မဟုတ် တော့ဘူး။ ပြီးတော့ ကျွန်မ အမြင်တစ်ခု ပြောရမယ်ဆိုရင် တစ်ဦးချင်း ကြိုးပမ်းရမှုကိုတော့ အတွင်း ကျကျ မသိဘူးပေါ့ ကိုဝင်းငြိမ်း။ ဒါပေမဲ့ စာရေးဆရာလို့ အမည်ခံတဲ့ ပုဂ္ဂိုလ် တော်တော်များများဟာ နေ့ချင်း ညချင်း မှာပဲ တိုးပွား များပြားလာတာကို တွေ့ရပါတယ်။ ရေးစရာ နေရာတွေကလည်း အတော့်ကို များလာပါ တယ်။ လစဉ်ထုတ် စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း စုစုပေါင်း နှစ်ဆယ်ကျော် ရှိလာတယ်။ ပြီး မြို့နယ် မဂ္ဂဇင်းတွေ အသင်းအဖွဲ့ ကျောင်းမဂ္ဂဇင်းတွေ။ ဒီလိုနေရာတွေ ဖွင့်ပေးထား လို့ပါပဲ ကိုဝင်းငြိမ်း။ နေရာများတော့ တစ်နေရာ မဟုတ် တစ်နေရာ ၀င်ခွင့်ရဖို့ ကြိုးပမ်းရတာ သိပ်မခက်ခဲ လှဘူးပေါ့။

ဒါပေမဲ့ ရေးစရာ နေရာတွေ များလာသလို စာရေးဆရာ ဖြစ်ချင်သူတွေကလည်း သိပ်များလာတော့ ဟို ကျွန်မ တို့ ကျောင်းတုန်းက သင်ခဲ့ရသလို Survival of the Fittest ပေါ့။ ဘယ်နှယောက် တင်ကျန်ရစ် မလဲတော့ မသိနိုင်ဘူး "

" ဆရာမက ၀တ္ထုကို အရေးများတဲ့သူ၊ ၀တ္ထုတိုပေါင်းချုပ်နဲ့ ဆုရခဲ့သူ ဆိုတော့ ၀တ္ထုတိုနဲ့ ပတ်သက်တာ လေး တွေ ဆွေးနွေးချင်ပါတယ်။ ၀တ္ထုတို ရေးရတာနဲ့ ၀တ္ထုရှည်ရေးရတာ ဘယ်လို ကွာခြား တယ်လို့ ဆရာမ မြင်ပါသလဲ"
" ဒီမေးခွန်း ကြားရတော့ ကျွန်မ သူငယ်ချင်းတစ်ယောက် ပြောခဲ့တာကို ပြန်သတိရမိပါတယ်။ သူက ၀တ္ထုတို ထက် ၀တ္ထုရှည်ကို ပိုပြီး လူကြိုက်များတယ်၊ ၀တ္ထုတိုထက် ၀တ္ထုရှည်က စာမူခ များများ ရတယ် ဆိုတာ သိတော့ ကျွန်မ ၀တ္ထုတို ရေးတိုင်း ၀တ္ထုရှည်ဖြစ်အောင် ပြင်ရေးစမ်းပါ။ ဒီနားမှာ ဒီလို ဖြည့်လိုက်၊ ရှေ့နားကျ ဟိုလိုချဲ့လိုက်၊ ဘာညာနဲ့ သူ့အပြောနဲ့သူတော့ချောလို့။ ကျွန်မတော့ ၀တ္ထုတိုကို ၀တ္ထုရှည် ဖြစ်အောင် ဘယ်လို ကြိုးစားလို့မှ မရေးတတ်ခဲ့တာ အမှန်ပါပဲ။

ဆိုလိုတာကို ကိုဝင်းငြိမ်း သဘောပေါက်မှာပါနော်။ ၀တ္ထုတိုလို ခံစားရေးရင် ၀တ္ထုတိုပဲရမယ်။ အဲဒီဝတ္ထုကို ၀တ္ထုရှည်ဖြစ်အောင် ဖြည့်စွက်ချဲ့ထွင် ပြုပြင်ပြီး ၀တ္ထုရှည်ဖြစ်အောင် ရေးလို့မရဘူး ဆိုတာပါ။
ဝတ္ထုတို ရေးရတာနဲ့ ၀တ္ထုရှည် ရေးရတာမှာ သိသိသာသာ ကွာခြားတာကတော့ အသေးစိတ် ဖွဲ့နွဲ့ ရေးသား တာမှာပါ။ ၀တ္ထုတိုမှာက တိုတိုနဲ့ လိုရင်းရောက်အောင် ကျစ်ကျစ်လျစ်လျစ် ရေးရတော့ အသေးစိတ် ဖွဲ့နွဲ့ ရေးသားတာမျိုး သိပ်မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဖတ်တဲ့ လူတွေအတွက် အသေးစိတ် ဆက်လက် ခံစားစေဖို့ကို တော့ ဖန်ဆင်းပေးနိုင်တယ်လို့တော့ ကျွန်မ ယူဆပါတယ်။ ၀တ္ထုရှည် ရေးရာ မှာတော့ အသေးစိတ် ဖွဲ့နွဲ့ရေး သားဖို့ အခွင့်သာပါတယ်။ ဒီတော့ စာရေးဆရာ အရေးကောင်းရင် ကောင်း သလောက် စာဖတ်သူ ရင်ထဲမှာ တိုးစေနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ စာဖတ်ပရိသတ် တွေအနေဲ့ ၀တ္ထုတိုထက် ၀တ္ထုရှည်ကို ပိုပြီး စွဲစွဲလမ်း လမ်း ဖတ်ရှုလေ့ရှိကြတယ်လို့ ကျွန်မ ထင်ပါတယ်"

" ဆရာကြီး တစ်ယောက် က ၀တ္ထုတို ရေးရတာ ၀တ္ထုရှည် ရေးရတာထက် ခက်တယ်လို့ ဆိုပါတယ်။ ဆရာမ လက်ခံပါသလား။ ဘာကြောင့်ပါလဲ"
" ကိုဝင်းငြိမ်း ကတော့ ကျွန်မကို တရားခံရှာပြီထင်ပါရဲ့။ ၀တ္ထုတိုရေးရတာ ၀တ္ထုရှည်ရေးရတာထက် ခက်တယ် လို့ ကျွန်မ မပြောရဲပါဘူး။ ဘယ်ဟာပဲဖြစ်ဖြစ် ကျွမ်းကျင်ရာ လိမ္မာဆိုတဲ့ စကားလေးလည်း ရှိသား ပဲနော်"
" ၀တ္ထုတိုမှာ က တစ်ကွက်၊ နှစ်ကွက်လောက်နဲ့ ဖမ်းရတာဆိုတော့ ၀တ္ထုတိုတစ်ပုဒ်ရနိုင်ဖို့ ဆရာမ ဘယ်လို ဖန်တီး ပါသလဲ"
" ဟုတ်ပါတယ်။ ၀တ္ထုတိုမှာက တစ်ကွက်၊ နှစ်ကွက်လောက်နဲ့ အမိဖမ်းရတာပါ။ အဲဒီလို ရင်တွင်းကို ဖျတ်ခနဲ ရိုက်ခတ် တဲ့ ခံစားချက်တစ်ခုကို အရအမိ ဖမ်းပြီး သရုပ်ပေါ်အောင် ရေးရတာဆိုတော့ တစ်ခါ တစ်ခါ အတော့်ကို ပင်ပန်းပါတယ်။ များသောအားဖြင့် ကျွန်မ ရေးခဲ့တဲ့ ၀တ္ထုတိုတွေကို ကျွန်မ ဇွတ် ဖန်တီးယူ ခဲ့တာ မဟုတ်ပါဘူး ကိုဝင်းငြိမ်း။ ရင်တွင်းခံစားချက်ကို သရုပ်ပေါ်အောင် ဖော်ထုတ် ရေးသား ခဲ့တာ တွေသာ ဖြစ်ပါတယ်"

" ဒါဆို ပေဖူးလွှာမှာ ပါခဲ့တဲ့ "အညှာ" ကကော ဆရာမ "
" အညှာ က အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်ကို ကူးစက်ခံစားပြီး ရေးလိုက်တာပါ။ ကျွန်မတို့ မြန်မာအမျိုးသမီး အိမ်ထောင်ရှင်တွေဟာ အိမ်ထောင်မှုအလုပ်တွေ၊ သားသမီးနဲ့ လင်ယောက်ျား ဝေယျာဝစ္စတွေနဲ့ အချိန်ကုန်လေ့ရှိတာ တစ်ရာမှာ ကိုးဆယ့်ငါးယောက် မဟုတ်လား။ ဒီအလုပ်တွေနဲ့ ကိုယ့် ကျန်းမာရေးလည်း ကိုယ် ဂရုစိုက်ရမှန်းမသိ၊ အိမ်ထောင်မှုထဲပဲ နစ်မွန်းနေကြတာ မဟုတ်လား။ နဂိုကမှ လင်နဲ့မယား သက်တူရွယ်တူ ဆိုရင် မယားက အရွယ်ကျ ရုပ်အိုသွားတတ်ကြတယ်လေ။

အဲဒီအချိန်မှာ လင်တော်မောင်တွေက သဘာဝရဲ့ ဖြစ်မြဲထုံးစံအတိုင်းပေါ့။ အသက်ငါးဆယ်ကျော်ပေမယ့် သန်တုန်း၊ မြန်တုန်း၊ ဖျတ်လတ်တုန်း။ ဒီတော့ "အညှာ" ထဲမှာ ရေးထားသလိုပေါ့လေ။ အိမ်က မိန်းမကို မချစ်တော့ တာလည်း မဟုတ်။ ဒါပေမဲ့ လမ်းလျှောက်ထွက်ရင်း ခင်မင်ခဲ့ရတဲ့ လှလှပပ သွက်သွက် လက်လက် ကောင်မလေး ကေခိုင်လို ဟိုလိုလို သည်လိုလို ဖြစ်လာတယ်လေ။ ကိုဝင်းငြိမ်း ကိုတော့ အားနာပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ ယောက်ျားတွေရဲ့သဘာဝကို တစ်စွန်းတစ်စ ဖော်ထုတ်ပြလိုက်တာပါပဲ။ ဒီဝတ္ထုရဲ့ "အညှာ"က ဒါပါပဲ"
"မူးယစ်၊ အသူရာမဂ္ဂဇင်းတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ၀တ္ထုတိုကလေးတွေ ဆရာမ ရေးတာ ဖတ်လိုက် ရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး မိခင် သားသမီး၊ ပတ်ဝန်းကျင် သုံးဦးအနက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ဆရာမ ယူဆသလဲ "

" ပကတိ ဖြူစင်ပြီး ကြင်နာစရာကောင်းတဲ့ လူငယ်တွေရဲ့ ဘ၀ကို ကျွန်မ စိတ်ဝင်စားပါတယ်။ အထူးသဖြင့် လူငယ်တွေကို အညွန့်တုံးစေရုံသာမက လူဖြစ်ပါရုံ အသက်ဆုံးစေတဲ့အထိ နှိပ်စက်နေတဲ့ မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်တိုက်ဖျက်ရေးမှာ ကျွန်မ တတ်နိုင်တဲ့ဘက်က တာဝန်ယူခဲ့ပါတယ်။ ဒါကြောင့် လည်း ၀တ္ထုလေးတွေ ရေးဖြစ်ခဲ့ပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်ပြီး တာဝန်ရှိတာကတော့ မိဘရော၊ သားသမီးရော၊ ပတ်ဝန်းကျင်ရော သုံးခုစလုံးပါပဲ။ အဲဒီအထဲမှာ အဓိကအကျဆုံးကတော့ ပတ်ဝန်းကျင်ဖြစ်တယ်လို့ ကျွန်မ ယူဆပါတယ်"

" မူးယစ်ဆေးဝါး စွဲတဲ့ လူငယ်တွေကို နိုင်ငံတော်က ကုန်ကျစရိတ် ကျခံပြီး ဆေးဖြတ်ပေးတဲ့ စခန်းတွေ တည်ထောင်ပြီး ဘ၀သစ် ပြန်လည်ထူထောင်နိုင်တဲ့အထိ ပြုစုပျိုးထောင်ပေးနေပါတယ်။ ဒီစခန်းတွေနဲ့ ပတ်သက်ပြီး ဆေးဝါးသုံးစွဲသူတွေဘက်က ဘယ်လို ပူးပေါင်းပါဝင်သင့်တယ်လို့ ဆရာမ မြင်ပါသလဲ"
" ဆေးစွဲသူ ကိုယ်တိုင်က မှန်ကန်တဲ့ အသိတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကိုယ်တိုင် လာရောက် ဆေးကုသ ခံရင် အကောင်းဆုံးပေါ့။ နစ်နေတဲ့ ရွှံ့ညွန်ပုပ်ကြီးထဲက ရုန်းထွက်ဖို့ ကိုယ်ပိုင်အားမရှိရင် ဘေးက "အား" အကူအညီကို ယူရပါလိမ့်မယ်။ ဆေးစွဲသူတွေ ပတ်ဝန်းကျင်ကောင်းမှာ ပျော်မွေ့စွာ နေထိုင် တတ်အောင် ဆေးဖြတ်စေရုံသာမက ဘ၀သစ် ပြန်လည်ထူထောင်ပေးတဲ့ စခန်းတွေဟာ အားကိုး ရာပဲပေါ့ ကိုဝင်းငြိမ်း "

" ဆရာမ ၀တ္ထု တော်တော်များများမှာ ဒေသန္တရ ဗဟုသုတနဲ့ ပတ်သက်တာတွေ ထည့်ရေးသွားတာတွေ တွေ့ရပါတယ်။ ဥပမာ - "မူးမြစ်ကမ်းသာမှာ"၊ "တကဏန်းက မရှမ်း"၊ "သရက်ခြံက မခင်လှ" စသည်ဖြင့် ပေါ့လေ။ ဒီဝတ္ထုတွေက ဆရာမ သွားရင်းလာရင်း တွေ့ကြုံရတာလေးတွေပေါ်မှာ ဖန်တီးသွားတာလား"
" ဟုတ်ပါတယ်။ ဒေသန္တရ ဗဟုသုတနဲ့ ဘ၀သရုပ်ဖော်လေးတွေ ကျွန်မ ရေးခဲ့ပါတယ်။ ရေးတဲ့နေရာမှာ သွားရင်း လာရင်း ခရီးကြုံကြိုက်လို့ အချက်အလက်တွေကို မှတ်စုစာအုပ်ထဲ ရေးမှတ်ပြီး ရေးခဲ့တာမျိုး မဟုတ်ပါဘူး။ တတ်နိုင်သရွေ့ ကျွန်မ ဇာတ်ကောင်တွေရဲ့ ဘ၀တွေထဲမှာ ကျွန်မပါ စိမ့်ဝင်ခံစားပြီး ရေးခဲ့တာ များပါတယ်။ ဆိုလိုတာက သူတို့ ဘ၀လေးတွေကို အပေါ်ယံရှပ်မြင်တဲ့ အမြင်ကို မရေးဘဲ အတွင်း ကျကျ မြင်နိုင်အောင် ကြိုးစားကြည့်ပြီး ကျွန်မ ရေးခဲ့ပါတယ်။

" တကဏန်း က မရှမ်း" ဆိုပါတော့။ အပေါ်ယံကြည့်တဲ့ အမြင်ဆိုရင် ကောက်စိုက်သမားတွေ တစ်ဖွဲ့ကြီး သီချင်းတကြော်ကြော်နဲ့ ပျော်စရာကြီး၊ ကောင်းကင်ကြီး၊ ကောင်းကင်ကြီးကလည်း ပြာလဲ့လို့၊ လယ်ကွင်းကြီးကလည်း စိမ်းလို့၊ ကောက်ပင်တွေကလည်း ယိမ်းလို့ ဆိုတာမျိုးပေါ့ ကိုဝင်းငြိမ်း။ တကယ် လက်တွေ့ သူတို့ဘ၀ထဲ စိမ့်ဝင်သွားတော့ ရေရှားတဲ့ ဒေသမှာ မူးတွေထဲ (မူးဆိုတာ တူးမြောင်းကို သူတို့ ခေါ်တာပါ) ရေခိုးချိုးကြတာ၊ အပန်းဆီ တက် လို့ ပုဆိုးကြမ်းတွေ (ပုဆိုးကြမ်းကို ထဘီအဖြစ် သူတို့ ၀တ်ကြ ပါတယ်) နတ်ပြီကုန်တာ။ အဲဒီလို ရသ သဘောလေးတွေ အလိုလို ပါလာတော့တယ်။ ဒါက ကျွန်မ ၀တ္ထုတို ရေးတဲ့ ပုံစံပြောမလား၊ ရေးပုံရေးနည်း ပြောမလား၊ မပြောတတ်ဘူး"

" ဆရာမ ၁၉၈၁ ခုနှစ်အတွက် ၀တ္ထုတိုပေါင်းချုပ်ဆု ရတာ "စံပယ်တစ်ကုံး၊ ဂမုန်းတစ်ပွင့်"နဲ့နော်"
" ဟုတ်ပါတယ် "
" အဲဒီဝတ္ထုတိုလေးတွေထဲက အချို့ကို ဆွေးနွေးချင်ပါတယ် "
" ဆေါးနွေးပါ ကိုဝင်းငြိမ်း၊ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သူတွေ အတော်များပါတယ်။ အင်းတော်မြို့က တက်ထွန်းစာပေ အဖွဲ့သားများကဆို ဆွေးနွေး မေးမြန်းချက်တွေကို စာရေးပြီးတောင် ပို့ ပါတယ်။ အင်မတန် အဖတ်နည်းတဲ့၊ လူကြိုက်နည်းတဲ့ ၀တ္ထုတိုပေါင်းချုပ်လို စာအုပ်မျိုးကို စိတ်ဝင်တစား ဖတ်ကြ၊ ဆွေးနွေးကြဆိုတော့ ကျွန်မ သိပ်ဝမ်းသာရပါတယ် "
" တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်လို့ ခေါင်းစဉ်ပေးထားတဲ့ ၀တ္ထုကလေးမှာ အိမ်မှာ မွေးစားထားတဲ့ သိန်းသိန်း ဆိုတဲ့ အပျိုပေါက်ကလေး တစ်ယောက် ရေစည်လှည်း တိုက်ရတဲ့ ရေသည်ကောင်လေးနဲ့ ကြိုက်ကြတာ ကို မွေးစားတဲ့ အပျိုကြီးက သိသွားတော့ နည်းမျိုးစုံနဲ့ ဆုံးမတယ်။ ကောင်လေးမှာ ၀င်ငွေ နည်းပုံ၊ မိသားစုတာဝန်ကြီးပုံ စသဖြင့်ပေါ့လေ။ ဒါပေမဲ့ သိန်းသိန်းက ခြင်ထောင်လေး တစ်လုံးတည်း ယူပြီး ကောင်လေးနောက် လိုက်ပြေးသွားတယ်။

ဒီနေရာမှာ ဆုံးမတာနဲ့ ပတ်သက်ပြီး နှစ်မျိုး ရေးသွားတာ တွေ့ရတယ်။ အပျိုကြီးရဲ့ ညီမ အိမ်ထောင်သည်က သိန်းသိန်းကို တစ်နည်းနဲ့ ဆုံးမပြီး အပျိုကြီးက တစ်နည်း ဆုံးမတယ်။ လူငယ်ရဲ့ စိတ်ဓာတ် ကလည်း အခက်သားပဲ။ တစ်ခါတလေ ကိုယ်က ဆုံးမတာပေမယ့် ဆုံးမတဲ့ စကားကိုက လမ်းဖွင့် ပေးလိုက်သလို ဖြစ်သွားတတ်တယ်။ ဒီဝတ္ထုမှာ သိန်းသိန်းကို ကိုင်တွယ်နည်း မှားသွားလို့ အမြန်ဆုံး လိုက်ဖြစ်သွားတယ်လို့ ကျွန်တော် ထင်ပါတယ်။

အဲဒီတော့ ဆရာမအနေနဲ့ ရည်းစားထားတဲ့ အပျိုပေါက်၊ လူပျိုပေါက် အထူးသဖြင့် မိန်းကလေးတွေကိုပေါ့ လေ၊ ဆုံးမတဲ့နေရာမှာ ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ယူဆပါသလဲ"
" တစ်ကမ္ဘာလုံး နဲ့ တစ်ယောက်ရဲ့ ဆိုလိုချက်ကို ကိုဝင်းငြိမ်း နားလည်လိုက်တာနဲ့ ကျွန်မ ပြောချင်တာ နည်းနည်း လွဲ သွားတယ် ထင်ပါတယ်။ ကျွန်မ ပြောချင်တာ ကောင်မလေး သိန်းသိန်းရဲ့ မေတ္တာစစ်ကို ဖော် ချင်တာပါ။

သိန်းသိန်း ကြိုက်နေတဲ့ ကောင်လေးက သိပ်ဆင်းရဲတယ်။ ရေစည်တိုက်ပြီး သူညီ သူ့ညီမလေးတွေကို ကျွေး မွေးရတယ်။ ဒီတော့ သိန်းသိန်းကို မွေးစားထားတဲ့ အိမ်က ဒီကောင်လေးနဲ့ သဘောမတူဘူး။ သူတို့ ကလည်း သိန်းသိန်းကို တူမလေးလို၊ ညီမလေးလို ရွှေနဲ့ ငွေနဲ့ တန်းတူရည်တူ ထားတာကိုး။ ကောင်လေးနဲ့ ယူရင် ဆင်းရဲမှာ စိုးလို့ အမျိုးမျိုး တားကြတယ်။ ဒါပေမဲ့ ကောင်လေးကို ပြန်ချစ်နေမိတဲ့ သိန်းသိန်းက ခြင် ထောင် တစ်ခုတောင် မရှိဘဲ သူ့ညီလေးနဲ့အတူ ခြင်ကိုက်ခံပြီး အိပ်ရရှာတဲ့ ကောင်လေးအတွက် ခြင်ထောင် လေး တစ်ခုတည်းကိုပဲ ယူပြီး ခိုးရာလိုက်သွားတယ်။ ကျန်တဲ့ ရွှေ ငွေ တွေထားခဲ့တယ်။

ဒါကြောင့် ဒီဝတ္ထု မှာ ကျွန်မ သရုပ်ဖော်ချင်တာက မေတ္တာရေးပါ။ ကြင်နာချစ်နဲ့ ချစ်တဲ့ သိန်းသိန်းရဲ့ အဖြေပါ။ ခုခေတ်လူငယ်တွေရဲ့ အလွန်ပွင့်လင်းရဲတင်းတဲ့ ရည်းစားထားတမ်း ကစားတတ်ကြတဲ့ ပြဿနာ ကိုလည်း ကျွန်မ ဘယ်လို ကိုင်တွယ်ရမယ် မပြောတတ်သေးပါဘူး "

" ကျေးဇူးတင်ပါတယ် ဆရာမ။ "အရောင်မဲ့ အရိပ်"ကို ဆက်လိုက်ကြရအောင်။ ဒီဝတ္ထုမှာ ခင်ပွန်းသည်ရဲ့ အရိပ် ကို ခိုနေခဲ့တဲ့ အရာရှိကတော်ကြီးတစ်ယောက် ခင်ပွန်းသည် ပင်စင်ယူလိုက်ချိန်မှာ မနေတတ် မထိုင် တတ် ဖြစ်ရပုံနဲ့ သူ့သူငယ်ချင်း ဆရာမတစ်ယောက်နဲ့ တွေ့တော့မှ ကိုယ်တိုင် အလုပ်လုပ်ခြင်းရဲ့ တန်ဖိုး ကို နားလည်လာရကြောင်း ဖော်ပြထားတယ်။
မြန်မာ အမျိုးသမီး အများစုဟာ ခင်ပွန်းသည်ရဲ့ အရိပ်ကို မှီခိုနေတတ်ကြပါတယ်။ လင်သား ပြုစုခြင်း သည်သာ သူတို့တာဝန်လို့ ယူဆကြပါတယ်။ အိမ်ထောင်သည် တစ်ယောက်ဖြစ်တဲ့ ဆရာမအနေနဲ့ ဒီအယူအဆ အပေါ် ဘယ်လို မြင်ပါသလဲ "

" အရောင်မဲ့ အရိပ် ၀တ္ထုကို ရေးဖြစ်တဲ့ ကျွန်မရဲ့ စေတနာက အမျိုးသမီးတွေဟာ သူတို့ ခင်ပွန်းသည် တွေရဲ့ အရိပ်သာ ဖြစ်မနေသင့်ဘူး။ သူတို့ ကိုယ်တိုင်ကလည်း အလင်းရောင် ဖြန့်ဝေနိုင်တဲ့သူ တွေသာ ဖြစ်သင့်တယ် ဆိုတဲ့ စေတနာပါပဲ ကိုဝင်းငြိမ်း။

ကျွန်မတို့ မြန်မာ အမျိုးသမီးအများစုဟာ ခင်ပွန်းသည်ရဲ့ အရိပ်ကို မှီခိုပြီး အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ ကိစ္စတွေနဲ့သာ နစ်မြှုပ်နေကြတာ အမှန်ပဲ။ အထူးသဖြင့် အိမ်ထောင်ကျသွားပြီဆိုရင် လင်သား ပြုစုခြင်းကို အဓိကထားပြီး အိမ်ထောင်ရေးကမ္ဘာ ကျဉ်းကျဉ်းလေးထဲမှာပဲ ၀ဲလည် နေကြတော့တာပါပဲ။ ဒီလိုနဲ့ပဲ သူတို့မှာ ရှိတဲ့ စွမ်းအားတွေဟာ မှေးမှိန်ကုန်ကြရတာ များပါတယ်။
အမှန် မှာ လင်ရယ်၊ မယားရယ် ဆိုတာ နှစ်ယောက်စလုံးဟာ တစ်ယောက်စီအတွက် တစ်သက်တာ လက်တွဲရမယ့် အဖော်တွေချည်း ဖြစ်ပါတယ်။ " အဖော် " ဆိုတာနဲ့ "အလုပ်အကျွေး" ဆိုတာ အများကြီး ခြားနားတယ်ဆိုတာ ကိုဝင်းငြိမ်းလည်း သိပြီးသားပါနော်။ ခံစားစရာရှိလည်း အတူတူ၊ စံစားစရာရှိလည်း အတူတူ၊ ဘယ်သူမှ သခင်မဟုတ်သလို ဘယ်သူမှလဲ အခိုင်းအစေ မဟုတ်ဘူး။ ကျွန်မ ပြောချင်တာက အဲဒါပါ"

" ဒီနေ့ မဂ္ဂဇင်းတွေမှာ ပါဝင်နေကြတဲ့ ၀တ္ထုတိုတွေနဲ့ ဆရာမတို့ စာရေးစချိန်က ၀တ္ထုတိုတွေရဲ့ ခြားနားချက် ကို ဘယ်လို မြင်ပါသလဲ "
" ဟုတ်တယ်၊ နှစ်ပေါင်း အစိတ် သုံးဆယ်လောက်အတွင်းမှာ အတော်ကြီးကို ခြားနားခဲ့ပါပြီ။ ကျွန်မတို့ စာရေးစ အချိန်တုန်းက ၀တ္ထုတိုလေးတွေဟာ ပြည်သူကို ကိုယ်စားပြုတဲ့ ဇာတ်လမ်းဇာတ်ကွက် အလွန် နည်း ပါးပါတယ်။ ပုဂ္ဂလိက ခံစားချက် အချစ်ဝတ္ထုတွေများပါတယ်။ ဒါပေမဲ့ အရေးအဖွဲ့ စေ့စပ် သိပ်သည်းပြီး စွဲငြိ စေပါတယ်။
အဲဒီ အချစ်ဝတ္ထုတွေထဲကနေ ထူးထူးခြားခြား ထွန်းပေါက်လာတဲ့ ဆရာကြယ်နီတို့၊ ဆရာမင်းရှင်တို့၊ ဆရာ သာဓု တို့၊ ဂျာနယ်ကျော်မမလေးတို့ရဲ့ ဘ၀သရုပ်ဖော် ၀တ္ထုတိုမျိုးလေးတွေကတော့ "ရှိတော့ ရှိတယ်၊ ရှား တယ်" ဆိုတာမျိုးလိုပေါ့လေ။

အခု ဒီဘက်ခေတ်မှာတော့ ပြည်သူ့ကိုယ်စားပြု ဘ၀သရုပ်ဖော် ၀တ္ထုတိုလေးတွေ၊ အတွေးအခေါ် ရင့်သန် စေတဲ့ ၀တ္ထုတိုလေးတွေ၊ အသိတရား ပွားစေတဲ့ အကျိုးပြု ၀တ္ထုတိုလေးတွေ အများကြီး တွေ့လာရလို့ ကျေနပ် ရပါတယ်။ အရေးအသားဟန်ကလည်း စကားလုံး နုနုလှလှနဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးကြရာကနေ ရှင်းရှင်း လင်းလင်း သွက်သွက်လက်လက် မြူးလာကြတယ်လို့ ကျွန်မ မြင်ပါတယ်"
" အမျိုးသားစာပေဆု ရပြီးတဲ့ စာရေးဆရာမတစ်ယောက်အနေနဲ့ ဒီနေ့ မြန်မာစာပေလောကကို ဘယ်လို မြင်ပါသလဲလို့ "

" ဒီမေးခွန်းကတော့ ကျွန်မအတွက် အတော့်ကို အဖြေရခက်စေတဲ့ မေးခွန်းပါပဲ ကိုဝင်းငြိမ်းရေ၊ ဒီနေ့ မြန်မာ စာပေလောကအပေါ် ကျွန်မ အမြင်ဆိုတော့ ပထမတန်း တက်ခါစကလေးကို ဆယ်တန်းစာမေးပွဲ ဖြေခိုင်း သလို ဖြစ်နေပြီ။ မေးခွန်းက အဆင့်မြင့်လွန်းပါတယ်။ ဒီမေးခွန်းကို ကျွန်မထက် ပိုဝါရင့်ပြီး မြန်မာစာ ပေလောကကို ပိုကျွမ်းကျင်တဲ့ စာရေးဆရာကြီးတွေ ဖြေဖို့ ချန်ခဲ့ပါရစေ"
" ဒါဆို ဒီနေ့ စာပေလောကထဲ ၀င်ရောက်ဖို့ ကြိုးပမ်းနေကြတဲ့ စာရေးချင်သူတွေအတွက် ဘယ်လိုများ အဘကံပေးချင်ပါသလဲ "

" စာရေးချင်သူတွေဟာ စာကို များများ ဖတ်ရပါမယ်။ များများ လေ့လာရပါမယ်။ ကျယ်ပြန့်လှတဲ့ ဘ၀အထွေထွေကို နှိုက်နှိုက်နဲနဲ ကြည့်ခံစား၊ ပြီးတော့ စေတနာမှန်မှန်နဲ့ ရေးတတ်ဖို့ ကြိုးစားရမယ်။ ပြီးတော့ ဇွဲ၊ စာရေးချင်သူ တစ်ယောက်ဟာ ဇွဲလည်း ရှိရပါမယ်။ အမှန်မှာတော့ တကယ် စာရေးချင်သူတွေ ဟာ ဘယ်လောက်ပဲ အပယ်ခံရပါစေ ရေးနေမှာပါပဲ။
စာရေးချင်စိတ်ဟာ အသည်းနှလုံးပေါ်မှာ ပေါက်လာတဲ့ ယားနာတစ်မျိုးပါပဲ။ ရေးကို ရေးရမှ၊ ရေးနေရမှ ယားနာ သက်သာပါတယ်။ နောက်တစ်ခုက စာရေးတဲ့ အတတ်ပညာမှာ "ပုံသေနည်း" မရှိပါဘူး။ ဒါပေမဲ့ စည်းကမ်းသိက္ကခာတော့ ရှိရပါမယ်။ စည်းကမ်းဆိုတာက မြန်မာစာ ရေးထုံး စည်းစနစ် မှန်ကန်ဖို့ပါပဲ။ အဲဒီ အထဲမှာ ၀ါကျ မှန်ကန်စွာ တည်ဆောက်တတ်ဖို့နဲ့ ဝေါဟာရ အသုံးအနှုန်းတွေ မလွဲမှားစေဖို့ ဆိုတာ တွေလည်း အကျုံးဝင်ပါတယ်။

သိကခာဆိုတာကတော့ စာပေသိက္ခာပါ။ စာရေးချင်သူဘက်က စောင့်ထိန်းရမယ့် အကျင့်တရားပါ။ ဘာ တွေ စောင့်ထိန်းရမယ်၊ ဘယ်လို ဆိုတာတွေကတော့ အများသဘောပေါက်နားလည်ပြီးသားလို့ ကျွန်မ ထင်ပါတယ် ကိုဝင်းငြိမ်း။

ဝတ္ထုတစ်ပုဒ်ဟာ မြန်မာစာ အရေးအသားလည်း မှန်ကန်မယ်၊ အကြောင်းအရာအချက်အလက်လည်း မလွဲဘူး၊ ဇာတ်လမ်း ဇာတ်ကွက် အချိတ်အဆက် မိအောင်လည်း ရေးသားနိုင်တယ်ဆိုရင် ဒီဝတ္ထုဟာ အောင်မြင်တာပါပဲ။ များသောအားဖြင့် ၀တ္ထုတစ်ပုဒ် အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာကို အဲဒီ ထောင့်သုံးထောင့်က ကြည့်ပြီး မြင်တဲ့အမြင်နဲ့ အကဲဖြတ်လေ့ရှိပါတယ်။ သုံးဖက်မြင် ဆိုပါတော့ ကိုဝင်းငြိမ်း။ ဒါပေမဲ့ ကြာရှည်ခိုင်ခံ့ကျန်ရစ်တဲ့စာမျိုး ဖြစ်ဖို့ကတော့ သုံးဖက်က ကြည့်လို့ မြင်ရတဲ့ အလှ သာမက မမြင်ရတဲ့ အလှတစ်မျိုးပါ ရှိဖို့ လိုအပ်ပါဦးမယ်။

အဲဒီ မမြင်ရတဲ့ ခံစားရုံသာ ခံစားနိုင်တဲ့ အလှကတော့ စာရေးသူရဲ့ စေတနာအလှပါပဲ။ တစ်နည်း ပြောရမယ်ဆိုရင်တော့ ရည်ရွယ်ချက်ကောင်းပေါ့လေ။ စေတနာအလှကိုပါ ထည့်သွင်းရေးသားနိုင်တဲ့ စာရေးဆရာရဲ့ စာပေမျိုးဟာ ထာဝရ တင်ကျန်ရစ်မှာပါ။ "သုံးဖက်မြင်၊ လေးဖက်လှ" စာမျိုး ရေးသားနိုင် အောင် ကြိုးစားကြပါလို့ အကြံပေးချင်ပါတယ် "
" ကျေးဇူးပါပဲ ဆရာမ၊ တွေ့ဆုံပေးခြင်း ကဏ္ဍအတွက် အချိန်ပေးခဲ့တဲ့အတွက် ပေဖူးလွှာ စာချစ်သူများနဲ့ အတူ ကျေးဇူးတင်ပါတယ် "

ပေဖူးလွှာ မဂ္ဂဇင်း၊ အမှတ်-၃၀၊ နိုဝင်ဘာလ၊ ၁၉၈၃ ခုနှစ်။
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 27, 2012

ရွှေစင်ဦး နဲ့ အသစ်စက်စက် ကိုမှ ချစ်လျှက် နေချင်တဲ့ ....

ကျနော့် အဖွား မကြာခဏ ပြောတဲ့ ဂျပန် ပိုက်ဆံ အကြောင်း... ပစ္စည်း တွေ ဈေးကြီး လို့ ပိုက်ဆံ များများ ပေး ရရင်.. ပိုက်ဆံ တွေ က ဂျပန် ပိုက်ဆံ ဖြစ်နေပြီ .... လို့ သူ့ဟာသူ ညည်းညူ ရုံ အားမရလို့..  ... ဂျပန် ခေတ် ဈေးသည် တွေ စီ ဈေးဝယ်ရင် ပိုက်ဆံ အသစ်ချပ်ချွတ် မှ ယူတာတို့ ... အခု ငါ့မြေး တို့ သုံးနေတဲ့ ပိုက်ဆံ မျိုး ဆို ဘယ်ဈေးသည် မှ မယူဘူး တို့  ထောင်မလဲ သဲကော် မှ လက်ခံတာလေ  လို့ ပြောလေ့ ရှိတယ်... 

ငယ်တုန်းက တော့....  ထောင်မလဲ သဲကော် တွေ ဘာတွေ ပြောရင် မရှင်းလို့ ပြန်မေးမိတယ်... ပိုက်ဆံ နွမ်း နေရင် ထောင်မရဘူး ... သဲ လဲ ကော်လို့ မရဘူး... ဒါကြောင့် ထောင်မလဲ တဲ့ သဲကော် လို့ ရတဲ့ အသစ် ချပ်ချွတ် ပိုက်ဆံ မှ သုံးလို့ ရတာလေ လို့ ပြောလို့ အံသြမိရတယ်... ရွှေစင်ဦး တို့ သုံးနေတဲ့ ပိုက်ဆံ တွေ က ဟောင်းနွမ်းစုတ်ဖတ် နေတဲ့ ပိုက်ဆံလေးတွေ လေ.....

အခုလည်း တခါ အံသြမိပြန်ပြီ.... 

ရွှေစင်ဦး လွန်ခဲ့ တဲ့ တပတ်က ကိစ္စတခု ရှိလို့ ရန်ကုန် မြို့ ကြီးကိုရောက်ခဲ့ရပြန်တယ်.. သြ စာဖတ်သူ များ ကို တခုပြောချင်သေးတယ်... ရွှေစင်ဦး ဟာ ရန်ကုန် မလို့ မန္တလေး မလို့ ဆိုတဲ့ ဒေသ အစွဲ မရှိ ပါဘူး... ကိုယ်ရောက်တဲ့ နေရာမှာ ဖြစ်တဲ့ ပြဿနာလေး တွေ ကို ရိုးရိုးသားသား တင်ပြခြင်း သာဖြစ်ပါတယ်...

မန္တလေး မှာ ဖြစ်ခဲ့တဲ့ ပြဿနာလေး တွေ ကိုလည်း ကျနော် ရေးဖူးပါတယ်... ဖတ်ချင်သူများ ဒီနေရာ မှာ ဖတ်လို့ ရပါတယ်... ဒီစကားလေး ကျနော် ထဲ့ ပြောခြင်းဟာ ကျနော် ဟာ ဇာတိစွဲ လူမျိုးစွဲ ရှိသူ တယောက်လို့ ထင်မှာစိုးလို့ပါ... ဘယ်နေရာမှာ ဘဲ ဖြစ်ဖြစ် ဘယ်လိုလူမျိုးကဘဲ လုပ်လုပ် မှန်ကန် တယ် လို့ ကိုယ်ထင်တဲ့ ဘက်က ရပ်တည် မှာ သာ ဖြစ်ပါတယ်...

အင်း ရွှေစင်ဦး ဟာ ရောက်တဲ့ နေရာ သောက်ရုံ ပေါက်ရုံ မကဘူး.. ပြဿနာ လည်း ရှာတတ်သူ ဖြစ်နေ ပါပြီ... ရန်ကုန် မှာ တညအိပ် ရောက်ပါတယ်... အမတင့် အိမ်က မုံဟင်းခါး ကို စားဖြစ်အောင် သွားစားတယ် (မုန့်ဟင်းခါး ကလည်း စားကောင်းလွန်းလို့ .... လာဖြစ်လို့ တော်သေးရဲ့ ... နို့ မို့ဆို ဒီလောက်ကောင်း တဲ့ မုန့်ဟင်းခါး နဲ့ လွဲ ရမှာလို့ မှတ်ချက်ချမိပါတယ်) ... နောက်ထပ်... ပြဿနာ တခုရှာလာ ပါတယ်..

မုန့်ဟင်းခါး စားပြီး တော့ ပြန်မဲ့ နေရာကို အမတင့် က လိုက်ပို့တယ်.. သိပ်ဝေးလွန်းတယ် ... တက်စီ ငှားလို့ ရတဲ့ နေရာမှာ ချပေးခဲ့ပါလို့ ပြောမိတယ်... အတူ ပါလာတဲ့ ညီမငယ် အနော် က စိန်ဂေဟာ မှာဘဲ ချပေးလိုက်ပါ.. သူ ထီးဝယ်စရာရှိတယ် ပြောတာနဲ့ .. စိန်ဂေဟာ (ပါရမီ) မှာဆင်းပြီး ဟိုငေးဒီငေး ဝင်ငေး ကြတယ်... အနော် တယောက် ကတော့ သူကြိုက်တဲ့ ထီး ကို သဲကြီး မဲကြီး ရှာဖွေနေတယ်... 

ကိုယ်လည်း ငေးချင်ရာ ငေးပြီး ပြန်လှည့် လာတော့ အနော်တယောက် ငါးထောင်တန် လေး ဟိုထောင်ကြည့် ဒီလှဲ့ ကြည့် လုပ်နေတယ်... ဘာဖြစ်လို့ လည်း ညီမ လို့ မေးတော့ .. ဒီပိုက်ဆံ မှာ အစွန်းလေး နဲနဲ ပါလို့ ပြန်လဲခိုင်းနေလို့ တဲ့... ဒါနဲ့ ညီမ ပြန်လဲပေးနေတာ လို့ ပြောတယ်... သူ့ ပိုက်ဆံ ကို ကျနော် ယူကြည့်မိတယ်.. 

မပြောပ လောက်ပါဘူး... ဒီလောက်ကတော့ ညီမလေး ရယ် လူတွေ သုံး နေတာဘဲ ဘာမှ မဖြစ်ပါဘူး လက်ခံသင့် ပါတယ်လို့ ပြောတော့ ကောင်တာ က ကလေး မလေးက ... ညီမ တို့ နံမည် နဲ့ ပိုက်ဆံ အပ်ရတာ... အဲလိုမျိုး လက်ခံမိရင် ညီမ တို့ စိုက်ပြီး ပြန်လဲ ပေးရတယ် တဲ့... အင်း ဒီကလေး မှာ အပြစ်မရှိ ပါဘူးလေ လို့ ပြောရင်း သည်းခံ ခွင့်လွှတ်ပြီး ဆက်ကြည့်နေတယ်...

ခဏနေတော့ အနော် က နှုတ်ခမ်းနီ အဆီ တဲ့ နောက်ဘာလဲ မသိဘူး အလှ ကုန်လေး တွေ ဝယ်တယ်... အလှကုန် ကောင်တာ မှာ ပိုက်ဆံရှင်းပြန်တယ်... ခုန ငါးထောင်တန် ပြန်ထဲ့ပေးမိပြန်တယ်.... ပိုက်ဆံ ကို ပြန်လဲ ခိုင်းပြန်တယ်... ဒီတခါတော့ ကျနော်လည်း နဲနဲ ပြောမိတယ်... ညီမ ရယ် ဒါက လူ တွေ လက်ထဲမှာ သုံးနေပြီဘဲ ... ဒီလောက်လေး စွန်းတာ လက်ခံသင့်ပါတယ်လို့ပြောတော့... ခုန ထီးကောင်တာ က ကလေးမလေး ပြောတဲ့ အတိုင်းပြန်ပြောပြန်တယ်.. သြ သူတို့ မန်နေဂျာ လား ပိုင်ရှင် လား ... ဒီလောက်စည်းကမ်း တင်းကြပ်ကြလား... အံသြမိတယ်... 

ဈေးဝယ်သူ မှာ ငါးထောင်တန် တရွက် ဘဲ ပါရင် ဘယ်လို့လုပ်မလဲ... နောက်ပြီး အဲလို မလိုအပ်ဘဲ ပြန်လဲ ခိုင်းတဲ့ အတွက် ဈေးဝယ်သူ မှာ စိတ်အနှောက်အယှက် ဖြစ်ရတယ်... ကောင်တာ က ဝန်ထမ်းကလေး တွေ လည်း စိတ်ညစ်ရတယ်.... မလိုအပ်တာ ကို အကျယ်ချဲ့ ပြီး ... ဂျပန်ခေတ် က ထောင်မလဲ သဲကော် တဲ့ ဂျပန်ပိုက်ဆံ နဲ့ ငါးထောင်တန် ကို အသွင်တူအောင် လုပ်နေတဲ့ အတွက် စိတ်ဆိုးတယ်...

တကယ်တော့ သာမာန် ဈေးဝယ်သူတွေ ဟာ ဂျပန်ခေတ်က ပိုက်ဆံလို ငါးထောင်တန် ကို ဂုံနီအိပ် နဲ့ ထဲ့ မသုံးနိုင်သလို ... သာမန် လူတန်းစားတွေ ဈေးဝယ်သွားရင် ငါးထောင်တန် သိပ်များများလည်း ထဲ့ နိုင်မယ်မထင်ပါဘူး... ဒီကြားထဲ က မရှိမဲ့ရှိမဲ့ ငါးထောင်တန်လေး ပြန်လဲခိုင်းလို့ အပိုပါမလာတဲ့ ဈေးဝယ်သူ ခမျာ သူလိုချင်တဲ့ ပစ္စည်း မရ ယုံမကဘူး ... ငါးထောင်တန် ကို တရွက်အပြင် ပို မကိုင် နိုင်တဲ့ အတွက် လူပုံ အလည် မှာ အရှက် ရစရာဖြစ်အုန်းမယ် (ညီမ အနော် မှာ တော့ ငါးထောင်တန် အပို ပါလို့ တော်ပါသေးတယ်) ....

အဲဒီလို စိတ်အနှောက်အယှက် ဖြစ်စရာ တွေ ကြုံရတဲ့ အတွက် စိန်ဂေဟာ က ချစ်ညီမ စစ ဝယ်ချင်တဲ့ အိုင်ဖုန်း တို့ အိုင်ပက် တို့ လည်း မဝယ်ဖြစ်တော့ သလို ... ချစ်ချစ်ကြီး မှာလိုက်တဲ့ ... ကုန်တိုက်ကြီး တတိုက်လုံး က ပစ္စည်း တွေ လည်း မဝယ်တော့ဘူး .... စိတ် ဆိုး တယ် လို့ အနော် ကိုပြောလိုက် တယ်... ပိုစ့် တခုလည်း ရေးမယ် လို့ ပြောတော့ ... အလွန်အလွန် မှ အကြောက်ကြီး ကြောက်တတ် ရှာသော သူရဲကောင်း ညီမ အနော် က အလုပ်ရှုတ်ပါတယ် မမ ရယ် ရေးမနေပါတော့ နဲ့ လို့ဆိုပြီး ရွှေစင်ဦး မသိအောင် တက်စီ သမား ကို အဲဒီ ပိုက်ဆံ ငါးထောင်တန် ပေးလိုက်တယ်.... 

သြ ချစ်ညီမ အနော် ရေ ကိုယ့် အမကြီး ကိုလျှော့တွက်လေရောသလား... ကားပေါ်ရောက်တော့ သုံးမိမှာ စိုးလို့ ... ဟိုပိုက်ဆံ မမ ကို ပေးထား ပိုစ့် တင်ရင် ဓါတ်ပုံ ရိုက်ရအုန်းမယ်လို့ ပြောတော့... မရှိ တော့ဘူး တဲ့... အခုလေးတင် ဘာမှ ဝယ်တာ မဟုတ်ဘဲနဲ့ ဘယ်ရောက်မှာလဲ ပြောမှ တက်စီ ဆရာကြီး ကို ပေးလိုက်ပြီတဲ့....

အင်း ဘယ်ရမလဲ ... ရွှေစင်ဦး တဲ့... တက်စီ ဆရာကြီး ရေ ဟောဒီက အသစ်လေး ယူနော် ခုန ပိုက်ဆံ လေး ပြန်ပေးပါလို့.. ပြောတော့ တက်စီ ဆရာ ခမျာလည်း ကားမောင်းရင်းတန်းလန်း ဟိုရှာ ဒီရှာ နဲ့ ရအောင်ရှာ ပြီး ပြန်ပေးရှာပါတယ်... ကဲ စာဖတ်သူများ ကြည့်လိုက်ကြပါအုန်း.. ဘာတွေ များ ဖြစ်နေ လို့လည်း...

စိန်ဂေဟာ မှ တာဝန်ရှိပုဂ္ဂိုလ်ကြီး များ ခင်ဗျား... ဂျပန် ခေတ်က ပိုက်ဆံ လို ငါးထောင်တန်  အသစ် စက်စက် ကို မှ မလိုချင်ပါနဲ့.. ခေတ်သစ် ကို လူဟောင်း .. စိတ်ဟောင်း ... လူဟောင်း ... စိတ်သစ် ... တွေ နဲ့ သွားနေတဲ့ ဒီမိုကရေစီ ခေတ်မှာ ... စိန်ဂေဟာ မှ ဝန်ထမ်းကလေး များ နဲ့ စိန်ဂေဟာ မှာ အားပေး နေကြတဲ့ ဈေးဝယ်သူ များ အဆင်ပြေ စေရေး အတွက်  ... တင်းကြပ် တဲ့ စည်းမျဉ်းစည်းကမ်း လေး များ ကို နဲနဲ လောက် လျှော့ ပါလို့ ... မေတ္တာရပ်ခံ ပါတယ်ဗျာ...

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

သော်တာဆွေ ၏ ငွေကိုလေလို သုံးသူ အပိုင်း (၁)

ငွေကိုလေလိုသုံးသူ

ကိုယ် လဲ သူမပိုင်
သူ့ကို လဲ ကိုယ်မပိုင်
ဘယ်သူ့ကိုမှ ဘယ်သူ မပိုင်
ကိုယ့် ကိုယ် ကိုယ်မှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင် ကံအတိုင်းဖြစ်
ပစ္စည်းကိုလဲ လူကပစ်
လူကိုလဲ ပစ္စည်းကပစ်
မမြဲတဲ့ အနိစ္စအစစ်
ကြောက်စရာကောင်းတဲ့ ဒုက္ခအစစ်
အစိုးမရတဲ့ အနတ္တ အစစ်။

(မစ္ဇျိမ ပဏ္ဏာသ ရဌပါလသုတ် မြန်မာပြန်)
ဤကား အသုဘတွင်ကမ်းသော ယပ်တောင် တစ်မျက်နှာမှ ဖြစ်၍ အခြားတစ်မျက်နှာကား

ကွယ်လွန်သူ အသက်(၄၁)နှစ်ရှိ
ဦးမြမောင် (မိုးကုတ်မြို့) ကောင်းမှု။

(၁၉၆၈)ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ကွယ်လွန်၍ (၂၄)ရက်နေ့တွင် ကြံတော့သုသာန်၌ သင်္ဂြိုဟ် ဂူသွင်း ထားသည်။
    ကျွန်တော်နှင့်သောက်ဖော်သောက်ဖက်၊ ဆိုးဖော်ဆိုးဖက်ဖြစ်သည်။ သူ့အကြောင်းက ရေးချင်စရာ ကောင်းလှသည်။ ကျွန်တော် ရေးချင်နေတာ ကြာပြီ။ သို့သော် သူက ရှက်တတ်သူဖြစ်သည်။ သူ့ကို လူ သိမှာ အင်မတန်စိုးသည်။ ကျော်စောကိတ္တိမ ကို မမက်မောသည့်ပြင် စက်ဆုပ်သူဖြစ်သည်။
သာဓက တစ်ခုပြပါမည်။

    ကျွန်တော်(၇)မိုင်ရွာတန်းရှည် ရွာကလေးတွင် နေစဉ် တစ်နေ့သ၌မြို့ထဲမှ ကျွန်တော့်ကို သူ့ကားနှင့် လိုက်ပို့ရာ ရွာထိတ်တွင် အမိုးသာရှိ၍ အကာဗလာနတ္ထိနေသော အဆောက်အအုံ လေးတစ်ခု ကိုမြင်သော်…..
    “ကိုဆွေ ဒါဘာလဲဗျ။ အထဲ ထိုင်ခုံလေးတွေကြည့်ရတော့ စာသင်ကျောင်းထင်တာပဲ"
    "မှန်ပါသဗျာ… ကျွန်တော်တို့ မဟာရွာတန်းရှည်က မဟာမူလတန်းကျောင်းအစစ်ပါပဲ"
    ကျွန်တော် သူနှင့်တွေ့ပြီဆိုလျှင် ကျွန်တော့်ဗိုက်ထဲမှာ ကမ္ဘာတွင် အကောင်းစား ဝီစကီများ အောင်းနေပြီ ဖြစ်၍ အာဝဇ္ဇန်းရွှင်နေပြီ။

    "နို့.. အကာလဲ မရှိပါလား"
    "အကာ မရှိဆို ကမ္ဘာက အသိပါပဲဗျာ၊ ဟောဒီ ရွာတန်းရှည်သားဖွတ်ကြားတွေ ငွေစုတုန်းပါဗျ"
    "ဒါဖြင့် ခင်ဗျားအိမ် ရောက်တဲ့အခါ မှာ အဲဒီကျောင်းကို ကမကထလုပ်ကြတဲ့ လူကြီးတွေ ခေါ်ပေးစမ်း ပါ"
    သို့ဖြင့် အိမ်ရောက်သောအခါ၌ ကျွန်တော့်သားများအား မည်သူမည်ဝါ တွေ ခေါ်ချေစမ်း ဟု လွှတ် လိုက်၏။

    မကြာမီ အရပ်လူကြီးများလျှောက်လာကြသည်။ မြင်းကွင်းကား လူကြီးများအဖို့ မတင့် တယ်လှပေ။ ကမောက်ကမ လည်း နိုင်ပေသည်။ တစ်လ အစိတ်ပေးရသော ကျွန်တော့် အိမ် သုံးပင်နှစ်ခန်း ခနော်နီ ခနော်နဲ့ အိမ်ကလေး ရှေ့တွင် အိမ်ထက်ရှည်သော ချက်ပလက် ဘဲလ်အဲယားကားကြီး ရပ်လျက်။ ကျွန်တော် နှင့် ကိုမြမောင် က အလွန်ကျဉ်းသော အိမ်ဦးခန်း လေး မှာ ပုလင်းထောင်နေကြသည်။
    ကျွန်တော် တို့နှစ်ယောက်သည် ပထမ၌ဟိုတယ်မှာ စားသောက်နေကြရာမှ စိတ်ကူး တစ်မျိုးရကာ ဝီစကီ၊ ဆိုဒါ၊ ရေခဲနှင့် စားသောက်စရာများကို ပန်းကန်ခွက်ယောက်နှင့် တကွ ကားပေါ်တင်စေပြီး ကျွန်တော့်အိမ် သို့လာခဲ့ခြင်းဖြစ်ပါသည်။ အဖြစ်က စကားစပ်မိ သဖြင့် ကျွန်တော့်အိမ်တွင် ငါးရှဥ့် ဟင်းချက်သည် ပြော၍ သူ ထိုဟင်းစားချင်သည်ဆိုပြီး မှာပြီးသား တွေလည်း ကျွန်တော့်အိမ်သားတွေ စား ပစေတော့ ဟု ယူဆောင်ခဲ့ခြင်းဖြစ်သည်။

    ဆိုဒါပုလင်းခွံများနှင့် ပန်းကန်ခွက်ယောက်တို့လည်း ဘယ်တော့မှ ဟိုတယ်ပြန်ရောက် သည် မရှိ။ နောက်မှ သူတို့ထုံစံအတိုင်း ကျသမျှရှင်း၏။ ကျွန်တော့်ဇနီးချက်သော ငါးရှဥ့်သား ဖားသားတို့ကို ခံတွင်း တွေ့ သူဖြစ်သည်။
    ရောက်လာကြသော အရပ်လူကြီးသုံးယောက်သည် ဟိုတယ်မှ စားသောက်စရာတွေ ဗရပွနှင့် ပုလင်းထောင် နေကြသော ကျွန်တော်တို့နှစ်ယောက်ကိုကြည့်၍ သူတို့အား ဘာကိစ္စ ခေါ်သလဲဟု မစဉ်းစား တတ်အောင် ဖြစ်နေပုံပေါ်နေသည်။ သူ့တိုအား အတူတကွ စား သောက်ရအောင် ခေါ်ရန် ကလည်း သူတို့သည် အရက်သောက်တတ်ကြသူများ မဟုတ် ကြောင်း ကျွန်တော်က သိပြီး ဖြစ်နေ ပါသည်။

    ထို့ကြောင့် ကျွန်တော်ကစ၍
    "ခင်ဗျား တို့ကို အရက်သောက်ရအောင် ခေါ်တာမဟုတ်ပါဘူးဗျာ။ စောဒီ ကျွန်တော့်မိတ်ဆွက စုံထောက် ဗျ၊ ဒီရွာထိပ်က ခင်ဗျားတိုက စာသင်ကျောင်းလေးအတွက် မေးချင်လို့တဲ့ဗျ"
    ထိုအခါ ကိုမြမောင် က
    "ခင်ဗျား တို့ဒီကျောင်းလေးကာဖို့ အလှူငွေ ကောက်နေတယ်လို့ ကြားတယ်။ ဘယ်လောက်ရပြီလဲ"
    တစ်ယောက်သော လူကြီး က တုံ့နှေးနှေးဖြင့်..
    "ဖြစ်ဖြစ် မြောက်မြောက် မရသေးပါဘူးဗျာ၊ တချို့က ပါးစပ်ထည့် စာရင်း ပဲ ရှိကြပါသေးတယ်"

    ကိုမြမောင်က…
    "ကဲ.. ဒါဖြင့် စုစုပေါင်း ဘယ်လောက်ရရင် ဖြစ်မလဲ"
    လူကြီးများ သည် ဘာအဓိပ္ပါယ်လဲဟု နားမလည်သေးဘဲ တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေကြပြီး
    နောက်ဆုံး မှ တစ်ယောက် က အရဲစွန်သော ပုံသဏ္ဍာန်ဖြင့်..
    "ခုနစ်ရာကျပ် ဆိုရပါတယ်ဗျာ. "
    ထိုအခါ ကိုမြမောင်သည် သူ့အိတ်ထဲမှ ငွေစက္ကူအုပ်ကိုထုတ်၍ ရာတန်ခုနစ်ရွက် ကို ဆတ်ခနဲ ဆွဲထုတ် ပေးလေ တော့ရာ လူကြီးများမှ ရုတ်တရက် အံ့အားသင့်နေကြ၍ ကျွန်တော် က
    "ယူလေဗျာ.. ခင်ဗျားတို့ ငွေ(၇၀၀)ကျပ် လိုချင်တယ်ဆိုလို့ ပေးတဲ့ဟာပဲ"

    သည်တော့ တစ်ယောက်က လက်ခပ်တုန်တုန်ဖြင့် ယူပြီး နှုတ်သွက်သူ လူလည် တစ်ယောက်က ပြူးပြူး ပျာပျာဖြင့်
    "သူဌေး နာမည် အမိန့်ရှိပါခင်ဗျာ၊ သူဌေးမင်းကောင်းမှု အနုမောဒနာခေါ်ကြဖို့ ကျွန်တော်တို့ အသင်း ကနေပြီး သတင်းစာထဲ ထည့်ပေးပါ့မယ် ခင်ဗျာ"
    ယင်း၌ ကိုမြမောင်က လက်ခါ၍
    "ကဲ သွားကြ သွားကြ ခင်ဗျားတို့လိုချင်တာ ကျွန်တော် ပေးပြီးပြီ၊ ဒီကိစ္စကို သတင်းစာ ထဲ ထည့်စရာ လဲ မလိုဘူး၊ ကျွန်တော်နာမည်လဲ မသိချင်ကြပါနဲ့ သော်တာဆွေ သူငယ်ချင်း အရက်သမား တေစ်ယောက် လို့ပဲ ယူဆကြပါ။ ကဲ ကြွကြလေဗျာ၊ ဒီပွဲမှာက လူကြီးမင်းတို့နဲ့ မလျော်ပါဘူး၊ ကျွန်တော် တို့က အရက်သောက်နေကြတာဗျ"
    လူကြိးသုံးယောက် မှာ အံ့သြစွာနှင့် ပြန်သွားကြကုန်သည်။

    နောက်တစ်နေ့၌ ကျွန်တော့်ဆီလာ၍ အကျိုးအကြောင်း ကို မေးပြီး ရွှန်းပသော မျက်နှာတို့ဖြင့်…
    "ဟာ ဒီလိုဆို ဦးသော်တာ က စောစောက ကြိုပြောထားရောပေါ့ ဗျာ"ဟု အားမလိုအားမရ ပြော သဖြင့် ကျွန်တော့်မှာ လူတို့၏ သဘောကို တွေး၍ အားရပါးရ ရယ်မောလိုက်ရပါ၏။
    ကျွန်တော် က ဤအကြောင်း ကိုမြမောင်အားပြန်ပြောပြတော့ သူ တကယ်ပဲ မနှစ်သက်ချေ။ မျက်နှာ ရှုံ့လျက်…
    "ခင်ဗျားကြီး တော်စမ်းပါဗျာ၊ ဒါလေး တစ်ဆိတ် ကို တအိတ်ကြီးလုပ်မနေစမ်းပါနဲ့"ဟု  ကျွန်တော့်ကို ငေါက် ပါသည်။ သူ့အကြောင်းရေး ဖို့သွားပြောကြည့်တော့ ခါးခါးသိးသီး ငြ်းပါသည်။
    "ကျွန်တော် အကောင်းရေးမှာပါဗျ"

    "အကောင်းရေးရေး မကောင်းရေးရေး ရေးရင်တော့ ခင်ဗျားနဲ့ ကျွန်တော် တစ်သက် အပြတ်ပဲ"
    ဟုတ်တယ်။ သူ တကယ်စိတ်ဆိုးမယ် ဆိုတာလည်း ကျွန်တော် ယုံပါသည်။ ဟော ယခု တော့ သူ စိတ်မဆိုး နိုင်ရှာတော့ပါ။
    ကျွန်တော် ရေးရပါတော့မည်။ ရေးသော် သူ့အတ္ထုပ္ပတ္တိကားမဟုတ်ပါချေ၊ သူအတ္ထုပ္ပတ္တိ ရေးနိုင် လောက်အောင်လည်း သူ့အကြောင်း ကျွန်တာ် အကုန် မသိပါချေ၊ သည်လို အတ္ထုပ္ပတ္တိမျိုးလည်း ကျွန်တော် မရေးလိုပါ။

    သူနှင့်ပေါင်းသင်းမိ၍ သူ့အကြောင်းကို သိသမျှထဲမှ သူလိုငွေကို သုံးဖြုန်းမကုန်နိုင်လောက်အောင် ကျိကျိတက် ချမ်းသာသူ တစ်ယောက် ၏ ဖြစ်ထွေကို ကျွန်တာ် ဆင်ခြင်သုံးသပ်မိသမျှ ဖော်ပြမည် ဖြစ်ပါသည်။
    ရန်ကုန် ပြည်လမ်း၊ မရမ်းကုန်းတရုတ်ဟိုတယ်ကြီးတစ်ခု၌ ထိုနေ့အဖို့ ကျွန်တော်တို့ ၏ အလျှံပယ် ညစာ စားပွဲကြီးကား ပြီးဆုံးပါပြီ။ အားလုံးပင် နောက်ထပ် မစားနိုင်သည် မသောက်နိုင်သည်အထိ ရောက်ကြ ချေပြီ။ မကုန်သေးသော ဟင်းမျိုးစုံတွေ ရှိနေသေးသော် လည်း လူတွေမှာ မတွယ်နိုင်တော့ပြီ။ အချို့ သွားကြားထိုးကြပြီ။ အချို့ ခေါင်းငိုင်စိုက်ကျနေပြီ။ အချို့ နှစ်ယောက်တစ်တွဲ လေပန်းနေကြပြီ။

    ဤကား  ကိုမြမောင်၏ ထမင်းပွဲထုံးစံပင်။
    ထိုနေ့က လူရှစ်ယောက် ည(၈)နာရီကျော်မတည်းက စတင်စားသောက်လိုက်ကြ၍ (၁၁)နာရီ ကျော်ကျော်၌ ပြီးဆုံးသည်ဖြစ်ရာ ဝီစကီဘယ်နှစ်လုံး ဆော်ဒါဘယ်နှပုလင်း၊ ဟင်းဘယ်နှစ်မျိုး၊ အဖိုး ဘယ်လောက် ဆိုသည်ကို ဟိုင်တယ် တရုတ်များသာသိကြပေသည်။ ကိုမြမောင်သည် စာရင်းအင်းကို သေချာစွာ ကြည့်လေ့ မရှိပေ။ လူလည်းမူနေပြီ။ လက်မှတ်သာ ထိုးပစ်တတ်၏။ သူသည် စားသောက်ရန် အတွက် ကို ဘယ်တော့မှ အိတ်ထဲငွေဆောင်လေ့ မရှိ ပေ။ ရန်ကုန်တစ်မြို့လုံးရှိ သူသွားနေကျ ဟိုတယ် တို့မှာ လက်မှတ်သာ ထိုးလေ့ရှိသည်။ နောက်မှ သူ့ငွေကို ရှင်း၊ သို့မဟုတ် လာတောင်းလျှင်ပေး။

    ထိုညက တရုတ်က ဘီလ်လာပေး၍ သူ လက်မှတ်ထိုးသောအခါ ကျွန်တော်က…
    "ကိုမြမောင် ခင်ဗျား ငွေပါမလာဘူးလားဗျ"
    သူသည် မူးလျှင်ပြောတတ်သော ဆောင့်ဆောင့်အောင့်အောင့် အသံမျိုးဖြင့်…
    "ငွေ.. ဘာလုပ်ဖို့လဲဗျ။ ခင်ဗျား ခုဝအောင် စားသောက်ပြီးပြီပဲ မဟုတ်လား"
    "ကျွန်တော် အသုံးလိုလို့ဗျ"
    "ညကြီးမင်းကြီး ဘာသုံးဖို့လဲ"
    "ခုည သုံးဖို့ မဟုတ်ပါဘူး။ နက်ဖြန်မနက် ကို ကျွန်တော်ပေါင်းတည်ပြန်မလို့ဗျာ။ အဖေ မမာပြန်ဘူး။ စာ လာတယ်။ အဲဒါ ခု အိမ်မှာလဲ ငွေမရှိဘူး"
    "ကျွန်တော်အိတ်ထဲ ပါမလာဘူး၊ ဟိုတယ်လိုက်ယူလေ"
    သူသည် စထရင်းဟိုတယ်၌နေသည်။

    "ဘယ်လောက်လိုချင်လို့တုန်း"
    စင်စစ် ဆိုလျှင် ကျွန်တော်သည် သူ့ဆီမှ တစ်ထောင်ထက် လျောမတောင်းသင့်ချေ။ ခုတော့ ညကြီး မင်းကြီး ရုတ်တရက်ကြီးလည်းဖြစ်နေ၍
    "သုံးရာကျပ်လောက် တော်ပါပြီဗျာ"
    "အယ်.. ဒါဖြင့် ဟိုတယ်လိုက်မနေနဲ့တော့၊ ခင်ဗျား ပြန်ပို့နေရဦးမယ်" ဆိုပြီး ဆိုင်က တရုတ်အား ခေါ်၍ငွေသုံးရာ ကျပ်တောင်းပြီး အခုနစားသောက်စာရင်း ဘီလ်ထဲမှ ယူငွေ သုံးရာ ကျပ်ဟု လက်မှတ်ထိုး လိုက်၏။ ထိုမှပြန်လာသော အခါ ကျွန်တော့်အိမ်မှာ ပြည်လမ်း၊ ခြောက်မိုင်တွင် အတွင်းနည်းနည်းကလေး ဝင်ရသည် ဖြစ်သောကြောင့် ရောက်ခါနီး၌ ထိုည ကျွန်တော်သည် နက်ဖြန်ခရီးသွားစရာရှိသည်မို့ သိပ်ပြီး မူးအောင် သောက်မထားသဖြင့်..
    "ကိုမြမောင် ခင်ဗျား ကျွန်တော့်အိမ်ထိအောင် လိုက်မပို့နဲ့တော့် အထဲ ခင်းဗျားကားကြီးကွေ့ရလှည့်ရ ခက် သနဲ့။ ကျွန်တော် လမ်းထိပ်ကပဲ ဆင်းသွားမယ်"
သူက လက်မခံချေ၊

    "အောင်မယ် မလုပ်ပါနဲ့ဗျာ၊ အရင်ကလို ခင်းဗျားမိန်မ ကျွန်တော့် ပြောဆိုးထားပါဦး မယ်"
     တစ်ကြိမ်က သူ့အားကျွန်တော့်ဇနီးက ပြောစရာဖြစ်ခဲ့ဖူးသည်။
    တစ်ည ရန်ကုန်မြို့လယ်ကောင် ဟိုတယ်ကြီးတစ်ခုမှ အထွက်တွင် ကျွန်တော်တို့ တော်တော်မူး နေကြသည်။ အထူးသဖြင့် ကိုမြမောင် ပိုမူးနေသည်။ ထို့ကြောင့် ကိုမြမောင်အား ကားမမောင်းရန် ပြောကြ သည်။ ဤစကားသည် ကိုမြမောင်အဖို့ မခံနိုင်ဆုံး ကိစ္စတစ်ရပ်ဖြစ်ချေသည်။ သူ့အား မူးနေသည်။ မမောင်းပါနှင့် ဆိုခြင်းသည် သူ့ကို စော်ကားတာပဲဟု မူးစိတ်နှင့် ယူဆသည်။ ထို့ကြောင့် ဆိုလေ ကဲလေ၊ မန်းလေပြဲလေဖြစ်ကာ ကားပေါ်မြန်မြန်တက်၍
    "မလိုက်ဝံ့တဲ့ လူ နေကြ၊ လိုက်ဝံ့တဲ့သူ တက်"
    မည်သူမျှ မတက်ကြ။

    ကျွန်တော်တစ်ယောက်ပဲ သူ့ဘေးတွင် ဝင်၍ ယှဉ်ထိုင်လိုက်သည်။
    ကျွန်တော် လည်း ကားထွက်စတွင်သာ သတိရှိသည်။ လေအေးနှင့် တွေ့သောအခါ မေ့သွား လေသည်။ နောက်ပြန်သိသောအခါမှာ ရဲသားနှင့် အရပ်သားအချို့ ကျွန်တ်ာတို့ကို ဝိုင်းထားကြသည်။ ကးက ဓာတ်တိုင် ဦးခိုက်၍ ရက်နေသည်။ ကိုမြမောင်နှင့် ကျွန်တော်က ကားပေါ်မှာ အိပ်ပျော် နေကြသည်။

    ရဲသားက ကျွန်တ်ာတို့အားနှိုး၍ နာမည်များကို မေးသည်။ မိုးကုတ် မြမောင်နှင့် စာရေးဆရာ သော်တာဆွေမှန်း သိသောအခါ စီးနေသော ကာကြီးကြည့်၍ မည်သို့ဆက်ဆံရ မည်လဲ သိပေသည်။ အဖြစ်အပျက် ပြောပြသည်မျာ မျက်နှာချင်းဆိုင်လာသော ဂျစ်ကားတစ်စီး ကို ရှောင်လိုက်ရာ အရှောင် လွန် ၍ ပလက်ဖောင်းပေါ်ရောက်သွားပြီး ရပ်ထားသော ဆိုက်ကားတစ်စီကို တိုက်သည်။ ထို့နောက် ဓာတ်တိုင်ဦးခိုက်ပြီး ကားစက်ရပ်သွားသည်။ ကျွန်တော်တို့ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ အိပ်ပျော် နေကြသည်။ ဒါကို ဆိုက်ကားပိုင်ရှင်က လာတိုင်၍ သူလိုက်ခဲ့ရသည်။

    ထိုအခါ ကိုမြမောင်က…
    "ဆိုက်ကား ပျက်စီးသွားသလားဗျ"
    ဆိုက်ကားဆရာက
    "ဟာ ပျက်စီးပြီလားဗျ"
    "ခင်ဗျား ဆိုက်ကား ဘယ်လောက်တန်သလဲ"
    အနည်းငယ် စဉ်းစားနေပြီး "ခြောက်ရာထက် မအောက်ဘူးဗျ"
    "ကောင်းပြီ မနက်ဖြန် စထရင်းဟိုတယ် လာခဲ့ မိုးကုတ်မြမောင်လို့မေး၊ ခင်ဗျား ငွေခြောက်ရာလာယူ"

    သူ့ဆိုက်ကား ဘယ်လိုလဲ၊ ဘယ်လောက်ထိ ပျက်စီးသွားသလဲကို ကျွန်တော်ဘာမျှ မသိချေ။ ဆိုက်ကားရှင် ၏ စိတ်ထဲမှာကာ သူလိုသာ တစ်ညတစ်ခါ သည်ကားမျိုး အတိုက်ခံနေရလျှင် ဘယ် လောက် ကောင်းမည် လဲ တွက်ဆပေမည်။
    ထိုည၌ ကျွန်တော်တို့သည် ထိုရဲ၏အစောင့်အရှောက်နှင့်ပင် ထိုနေရာတွင် ကားပေါ်မှာ ပြန်လည် အိပ်ပျော်သွားကြသည်။ နံနက် မိုးစင်စင်လင်း မှ ကားကို မောင်းနိုင်၍ ကျွန်တော့်အိမ် ပြန်ရောက်ကြသည်။
    ထိုအခါ ကျွန်တော့်မိန်းမက ဆူပါလေတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၉)

(၁၄)

အိမ်ဝင်းထောင့်မှာ ချစ်ဦးအတွက် တဲကလေးတစ်လုံးဆောက်ဖို့ ကိစ္စကို ဒေါ်ငွေဇံ က အလျင်အမြန် စီစဉ် သည်။ တဲတစ်လုံး ဆိုပေမယ့် ကုန်ကျစရိတ်က သိပ်မနည်းလှ။ ခုချိန်မှာ သစ်ဈေး၊ ၀ါးဈေးတွေ မသေး။ မဒမတိုင် ထူပြီး ၀ါးထရံကာ ဓနိမိုးမျှသာ ဖြစ်သော်လည်း သူ့အတိုင်းအတာနဲ့သူ အတော်ထိသည်။

တကယ်တော့ ဒေါ်ငွေဇံသည် ချစ်ဦးအတွက်ဆိုရင် နည်းနည်း သဒ္ဓါသူ မဟုတ်။ ချစ်ဦး ခြုံတဲ့စောင်ကလေး အစုတ်စုတ် အဖာဖာ ဖြစ်နေလို့ တစ်ထည်လောက် ၀ယ်ပေးဖို့ မြလွင်က ပြောတုန်းကတောင် မသိချင်ယောင် ဆောင်နေခဲ့တာ။ ခုကိစ္စမှာတော့ သူကိုယ်တိုင်က အားတက်သရော ဖြစ်နေ၏။ ဒါတွင်မက ချစ်ဦး အိမ်ပြောင်းမယ့်နေ့မျာ တစ်ပတ်ရစ်စောင်တစ်ထည်တောင် လက်ဆောင်ပေးလိုက်သေးသည်။ အစ ကတော့ စောင်အသစ် ကို ပေးမလို့ပါပဲ။ ၀ယ်ပြီးမှ အရောင်ကလေးလှတော့ နှမြောသွားသည်။ ထို့ကြောင့် စောင်အသစ် ကို သူယူလိုက်ပြီး သူခြုံလက်စစောင်ကို ချစ်ဦးအား ရက်ရက်ရောရော ပေးလိုက်ခြင်း ဖြစ် ၏။

ဘာပဲဖြစ်ဖြစ် ချစ်ဦးကတော့ သူအိမ်ကလေးကို အလွန်သဘောကျသည်။ တဲကလေးမှာ မြေစိုက် ဖြစ်၏။ ၉ပေ၊ ၁၅ပေ သာ ကျယ်သည်။ ချစ်ဦးတစ်ယောက်စာတော့ အနေတော်ပဲ ဖြစ်၏။
တဲကလေး သို့ ပြောင်းသောနေ့မှာ သူက မြလွင်ကို ပြောသည်။
"ခုမှပဲ လွတ်လွတ်လပ်လပ် စိတ်ရှိလက်ရှိ အိပ်ရတော့မယ်၊ ဟိုရက်တွေတုန်း က အိပ်ရတာ အသက်ရှူ တောင် မ၀ဘူးဗျာ"
"ဘာဖြစ်လို့ အသက်ရှူမ၀ရတာလည်း မောင်လေးရဲ့"

ဟု မြလွင်မေးတော့ ...
"ဒီလိုလေ မမရဲ့၊ ကျွန်တော်က ညညအိပ်ရင် ထယောင်တတ်တယ် မဟုတ်လား၊ အဲဒီအခါ သဲသဲလေးက လန့်ပြီး ငိုတယ်လို့ ပြောတာကိုး၊ ဒါကြောင့် ညကျရင် ထပြီး မယောင်ရအောင်လို့ ပါးစပ်ကို အ၀တ်နဲ့ စည်း စည်းပြီး အိပ်ရတာ၊ အိပ်ရင်းနဲ့  အဲဒီ အ၀တ်စကြီးက နှာခေါင်းကိုသွား သွားအုပ်မိတော့ မွန်းတာပေါ့ဗျ၊ ခုတော့ ပူစရာ မလိုတော့ဘူး၊ ကြိုက်သလို အိပ်လို့ ရပြီ"
မြလွင်မှာ ချစ်ဦးကို သနားပြီး မျက်ရည်တောင် လည်ချင်လာသည်။

ချစ်ဦးသည် သူတဲကလေးကို စိတ်ကြိုက်ပြင်ဆင်သည်။ သူအိပ်သော ကွပ်ပျစ်ကလေးကို ထောင့် တစ်ထောင့် မှာ နေရာချသည်။ သူ့အ၀တ်အစားတွေ ထည့်ထားသော ထင်းရှူးသေတ္တာကို အောက်က အုတ်ခဲ တွေခံပြီး တင်သည်။ ပက်လက်ကုလားထိုင် အဟောင်းကလေးတစ်လုံးလည်း ချထား သည်။ ကုလားထိုင် က သူနှင့် ဒေါ်ငွေဇံတို့ လုပြီး ထိုင်နေကျ။ အခုတော့ တစ်ဦးတည်းပိုင် ဖြစ်ပြီ။
ဘုရားစင် ကလေးကိုလည်း ခေါင်းရင်းဘတ် ခပ်မြင့်မြင့်မှာ ရိုက်ထားသည်။ ရုပ်ပွားတော်တော့ မရှိသေး။ နောက်တော့ မှ ငွေစုပြီး ၀ယ်ရမည်။ ခုတော့ ပုံတော်ကားချပ်ကလေးသာ ထားနိုင်သည်။ သောက်တော် ရေခွက် တစ်ခွက် နှင့် ညောင်ရေအိုးတစ်လုံးလည်း ရှိ၏။

ဝါးထရံမှာတော့ သူသဘောကျတော့ ရာဇ၀နေ၀င်းပုံနှင့် ကျန်ကျောင်းပုံတို့ကို ကပ်ထားသည်။ ဝေနေယျ သုခ ရေချမ်းစင် အသင်း မှ ထုတ်သော ပြက္ခဒိန်ကလေးကိုလည်း ချိတ်ဆွဲထား၏။
ဒါတွင်မကသေး သူစိတ်ကူးရသမျှ စာတမ်းကလေးတွေလည်း ရေးပြီး ကပ်ထားသေးသည်။
"လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနှင့်"
"ခြင်မကိုက်ရ"
"ကြွက်မ၀င်ရ"
"သူခိုး သည်းခံပါ"
ကြားဖူးနားဝ ရှိတာတွေကို သူ့ဘာသာ စပ်ဟပ်ပြီး ရေးထားတာလည်း ရှိသေးသည်။.

"ကြွေးယူတော့ပြုံး
တောင်းတော့မုန်း
ပွေးပုန်းပေါင်မှ
မနေသာ"

ချစ်ဦးသည် သူ့တဲ့ကလေးကို အလွန်သဘောကျ ကျေနပ်နေသည်။ လွတ်လွတ်လပ်လပ် နေချင်သလို နေလို့ရပြီ။ အိပ်ချင်သလို အိပ်လို့ရပြီ။ သူ့ဆီမှာ သူခိုးမျက်စိကျလောက်တဲ့ ပစ္စည်းဆိုလု့ ဘာမှ မရှိ။ သို့ရာ တွင် အိမ်ဆိုသည်မှာ အိမ်နှင့်တူအောင် လုံခြုံမှုတော့ ရှိရမည်။ အိမ်တစ်လုံးဖြစ်လာလျှင် တံခါး ရှိရမည်။ တံခါး ရှိလျှင် လုံအောင်ပိတ်ရမည်။
ချစ်ဦးအဖို့ တဲကလေးပင်ဖြစ်စေ အိမ်တစ်လုံးလိုပဲ သဘောထားသည်။ ထို့ကြောင့် သူ့အိမ်တံခါးကို ခတ်ဖို့ သော့တစ်စုံဝယ်လေသည်။ တစ်ခုပဲ ရှိ၏။ သူ့အိမ်တံခါးသော့ခတ်ပုံက နည်းနည်းဆန်းလေသည်။
အိမ်ပြောင်းပြီး နောက်နေ့မနက် မြလွင်က ဆိုင်ဖွင့်ဖို့ခင်းကျင်းပြင်ဆင်နေစဉ် ချစ်ဦး ရောက်လာပြီး အချဉ်ထုပ်ကို ကူချိတ်ပေးသည်။

"ညက အိပ်လို့ အဆင်ပြေရဲ့လား မောင်လေး"
ဟု မြလွင်က မေးသည်။
"ဟာ ... ဘာပြောကောင်းမလဲ၊ တစ်ချိုးတည်းပဲ၊ ယောင်ဖို့တောင် သတိမရသေးဘူး"
"အိပ်ရာစိမ်းနေလို့ အိပ်မရမှာကို မမက ပူနေတာ"
"ဘာထူးလဲဗျ၊ ကျောခင်းလို့ရရင် အိပ်ရာပဲပေါ့"
"အဆင်ပြေရင် ပြီးတာပါပဲ"
"အဆင်ပြေပါတယ်၊ ဒါပေမယ့် ချေးစော်တော့ နည်းနည်းနံတယ်"

"ဟင် ... အိပ်သာနဲ့ နီးလို့ထင်တယ်"
"မဟုတ်ဘူးဗျ၊ ၀ါးလုံးတွေက နံတာ"
"သြော် ... အဲဒါဝါးစိမ်းနံ့ပါ၊ ၀ါးလုံးတွေက မခြောက်ခင်မှာ အဲဒီလိုပဲ ပုပ်အက်အက် အနံ့နံ့တတ်တယ်၊ တစ်ရက်နှစ်ရက်ဆို အနံ့ပျောက်သွားလိမ့်မယ်"
"ဒါဆိုလည်း ပြီးတာပဲ၊ အဲ ... မမကို တစ်ခု ပြောရဦးမယ်၊ ကျွန်တော်က အိမ်အသစ်ကို ပြောင်းတာ ဆိုတော့ အိမ်တက် မင်္ဂလာလေး ဘာလေး လုပ်မှကောင်းမယ် ထင်တယ်"
မြလွင် မျက်လုံးပြူးသွား၏။

"အိမ်တက် မင်္ဂလာလုပ်တယ်ဆိုတာ လွယ်လွယ်လေး မဟုတ်ဘူး မောင်လေးရဲ့၊ အနည်းဆုံး မုန့်ဟင်းခါး လောက်တော့ ကျွေးမှကောင်းမှာ မမတို့မှာလည်း သိပ်ရှိတာ မဟုတ်ဘူး"
"လူအများကြီးဖိတ်မှာ မဟုတ်ပါဘူး မမရဲ့၊ ကျွန်တော်နဲ့ခင်တဲ့ ဆယ်လေးငါးယောက်ထဲပါ၊ ပြီးတော့ မမတို့ လည်း ပိုက်ဆံ အကုန်မခံရပါဘူး၊ ကျွန်တော် စုထားတဲ့ထဲက ပေးမှာပါ။ မမလည်း မုန့်ဟင်းခါး ကောင်းကောင်း ချက် တတ်တာပဲ"
"အေးလေ၊ နည်းနည်းပါးပါး ဆိုရင်တော့ မမ လုပ်ပေးပါ့မယ်"
"အိုကေ ... အိုကေ ... မမ အားကိုးရတယ်ဆိုတာ ကျွန်တော် သိပါတယ်ဗျ"
ချစ်ဦးပျော်သွားတာ မြင်ပြီး မြလွင်က ကရုဏာပြုံးပြုံးလိုက်စဉ် ချစ်ဦးက ...
"ဒါဆို ဈေးရှေ့က ကွန်ပျူတာဆိုင်မှာ ဖိတ်စာသွားရိုက်လိုက်ဦးမယ်"

"ဟယ် ... လူဆယ့်ငါးယောက်လောက်အတွက်များ ပါးစပ်နဲပ ဖိတ်လိုက်ပြီးတာပဲ၊ ဖိတ်စာတွေ ဘာတွေ ရိုက်မနေပါနဲ့တော့၊ ပိုက်ဆံကုန်ပါတယ်"
"မရိုက်လို့ မဖြစ်ဘူး၊ လုပ်ရင် အပီအပြင်လုပ်မှ၊ ကျွန်တော့်အတွက် အရေးမကြီးပါဘူး၊ မမတို့ သိက္ခာရှိ အောင် လို့ပါ။ ပြီးတော့ ပိုက်ဆံလည်း သိပ်မကုန်ပါဘူး၊ ကွန်ပျူတာဆိုင်က ကျွန်တော်နဲ့ခင်ပါတယ်၊ အလကားတောင် လုပ်ချင်လုပ်ပေးမှာ"
"ဒါဆိုလည်း ပြီးရောလေ၊ မောင်လေးသဘောပဲ"
"ကဲ ... ကျွန်တော် သွားဦးမယ်၊ ရော့ ... ကျွန်တော့်အိပ်သော့ ခဏ သိမ်းထားပေးစမ်းပါ"ဆိုပြီး သော့ခလောက် တစ်လုံး ကို လှမ်းပေးသည်။ မြလွင်က…
''သော့ခလောက် က ဘာလုပ်ဖို့လဲ၊ ခတ်မသွားဘူးလား''

''ခတ်ခဲ့ပြီ''
''ဟင်… ဘယ်လို''
ချစ်ဦး က ခပ်မိန့်မိန့်ပြုံးလိုက်ပြီး…
''ကျွန်တော်က သူခိုးကို ပညာပေးခဲ့တာလေ''
''ဘာ… ပညာပေးတာ''
''ဟုတ်တယ်၊ ဟိုတစ်ခါ ကင်းစောင့်တုန်းက ကိုသန်းမောင်ကပြောဖူးတယ်၊ သူခိုးတွေဟာ ဘယ်လိုသော့ ခလောက်မျိုးမဆို သော့တုနဲ့ ဖွင့်တတ်တယ်တဲ့၊ ဒီတော့ ကျွန်တော်ကသော့ချောင်းကို တံခါးမျောက်လက် မှာ ကြိုးနဲ့ချည်ထားခဲ့ပြီး သော့ခလောက်ကို ယူလာခဲ့တာပေါ့၊ သူခိုးတွေဟာ သော့တုပဲလုပ်လို့ရမယ်၊ သော့ ခလောက်အတု လုပ်လို့ မရဘူးလေ၊ ပိုင်တယ်နော်၊ ကျွန်တော်က ပေါ့သေးသေးမဟုတ်ပါဘူး မမရဲ့''

ဟု ပြောပြီး ရင်ကော့၍ ထွက်သွားသည်။ မြလွင်မှာ လက်ထဲက သော့ခလောက်ကို ကြောင်တောင်တောင် ကြည့်နေပြီး မှ ပြုံးလိုက်မိ၏။
ချစ်ဦး ၏ အိမ်တက်မင်္ဂလာပွဲသည် ခန့်မှန်းထားတာထက် လူပိုများနေသည်။ ချစ်ဦးက လူတွေကို ဖိတ်ရာ မှာ တိုးတိုးတိတ်တိတ် မဟုတ်ဘဲ လက်ဖက်ရည်ဆိုင်ထဲမှာ ခပ်ပြောင်ပြောင်ကြီး ဖိတ်စာကမ်းချင် ကမ်းသည်။ ဒီတော့ ဘေးလူတွေက….
ဟုပြောလျှင်
''လာချင်လည်း လာခဲ့လေ''
ဆိုပြီး ဖိတ်လာခဲ့တော့ အားလုံး လူငါးဆယ်လောက်ဖြစ်သွား၏။ မြလွင်လည်း ချစ်ဦးအကြောကိုသိသဖြင့် ပို ပို သာသာ ချက်ထားသောကြောင့် အဆင်ပြေသွားခြင်းဖြစ်၏။ ဒါတောင် နောက်ပိုင်းဆယ်ယောက်စာ လောက် ကို ပဲမှုန့်နှင့် ငံပြာရည်ထပ်စွက်ပြီး ရေနည်းနည်းထိုးလိုက်ရသေးသည်။ မြလွင်က ငါးများများနှင့် ကောင်းကောင်း ချက်ထားသဖြင့် ရေထိုးသည့်တိုင် စားလို့ကောင်းနေသေးသဖြင့် မသိသာလိုက်။

ဒီပွဲမှာ ချစ်ဦးက မဖိတ်သော်လည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသူ တစ်ယောက်တော့ရှိသည်။ ဦးဝင်း မောင်ကြီး ပင် ဖြစ်၏။ ချစ်ဦးက မြလွင်ကိစ္စနှင့် ပတ်သက်ပြီး သူ့ကို သိပ်ကြည်လင်လှတာမဟုတ်၊ သို့ရာတွင် သူက ပါးသည်။ အိမ်တက်ပွဲကိုလာရင်း ချစ်ဦးအတွက်လက်ဆောင်ဆိုပြီး စစ်ခြင်ထောင်တစ်လုံး ယူ လာပေး သည်။
ချစ်ဦးမှာ သူ့ခြင်ထောင်အဟောင်းက အစုတ်စိတ် အဖာဖာဖြစ်နေသောကြောင့် ငွေလေး ဘာလေး အဆင် ပြေရင် အဟောင်းဆိုင်မှာ ခြင်ထောင်တစ်လုံးလောက် ဝယ်ရဦးမယ်ဟု စိတ်ကူးထားခဲ့တာ။ ခုတော့ အတော်ပဲ ဖြစ်သွား၏။ ဦးဝင်းမောင်ကြီး ကိုလည်း ဒီနေ့အဖို့ ကြည်ကြည့်သာသာပင် ဆက်ဆံ ပြောဆိုလေသည်။

ကိုဘိုလေးနှင့် ကိုသန်းမောင်တို့ကတော့…
''ချစ်ဦးတစ်ယောက်တော့ မြလွင်ကို ခြင်ထောင်နဲ့လဲတော့မယ်နဲ့ တူတယ်''
ဟု ကွယ်ရာမှာ နောက်ပြောင်မိကြ၏။
ချစ်ဦးက အိမ်တက်မင်္ဂလာမှာ ဘုန်ကြီးကျောင်းက ဆရာတော်ကိုတောင် ပင့်ချင်သေးတာ။ မုန့်ဟင်းခါး ကျွေး မှာဆိုတော့ အရုဏ်ဆွမ်းကပ်မှ ဖြစ်မည်။ ဆရာတော်က အရုဏ်မှာ တခြားအလှူတစ်ခု ကြွစရာ ရှိနေ၏။ ထို့ကြောင့် မြလွင်က နေ့ဆွမ်းအတွက် ဆွမ်းချိုင့်ပို့နိုင်ဖို့ စီစဉ်ပေးသည်။

ဆရာတော်သည် ချစ်ဦးတို့ မိဘတွေ လက်ထက်ကတည်းက ကိုးကွယ်လာခဲ့သဖြင့် ဒကာရင်းဆရာရင်း ဖြစ် ၏။ ချစ်မှူးမရှိတဲ့နောက်ပိုင်းမှာလည်း မြလွင်က သူတတ်နိုင်သလောက် လှူဒါန်းလေ့ရှိ၏။ အိမ်ဆိုင် လေး ဖွင့်လာတဲ့အခါကျတော့လည်း ကြုံတဲ့အခါတိုင်း လက်ဖက်၊ လက်ဖက်ခြောက်၊ ထန်းလျက်စသည်တို့ ပို့ခိုင်း တတ်၏။ ဆရာတော်က မြလွင်ကို မကြာခဏ ချီးကျူးတတ်၏။ ဒီနေ့ ချစ်ဦးဆွမ်းချိုင့် သွားပို့တဲ့ အခါကျ တော့လည်း…
''ကောင်းတယ်ဟေ့၊ မြလွင်လက်ရာ မစားရတာကြာပြီ''
ဟု ချစ်ဦးဝမ်းသာအောင် ပြောသည်။ တကယ်လည်း မြလွင်လက်ရာကို ဆရာတော်ကနှစ်သက်သည်။ ဆရာတော်က အညာဆက်ဖြစ်၏။ သားကြီး ငါးကြီးတွေ၊ ဆီပြန်ဟင်းတွေ သိပ်မစုံမက်တတ်၊ ချဉ်ရည်ဟင်း၊ ငါးပိချက်၊ ပဲဟင်းတို့ကိုသာ နှစ်သက်သည်။ မြလွင်လည်းသိသည် ထို့ကြောင့် ငါးခူကို ငရုတ်သီးစိမ်း များများ အုပ်ပြီး ငါးပိချက်ဆန်ဆန် ချက်သည်။ ငါးရံ့ခြောက်ဖုတ်ဆီဆမ်းနှင့် သရက်သီး သုပ်ကလေးပါ ထည့်ပေး လိုက်၏။

''မြလွင်ဟာ အင်မတန်စိတ်ထားကောင်းတဲ့ ကလေးမပဲကွယ့် မောင်ချစ်ဦးရဲ့၊ မင်းကိုလည်း အတော် ဂရုစိုက် ရှာတယ်ဆို''
''ဂရုစိုက်တာ ပေါ့ဘုရား၊ အစ်မအရင်းဆိုရင်တောင် ဒီလောက် ကောင်းချင်မှကောင်းမယ်''
''ဒါမျိုး ဆိုတာကလည်း ဘဝဘဝက ရေစက်ရှိခဲ့လို့ လာဆုံကြရတာကလား၊ တန်တော့ ဟိုဘဝက မောင်ချစ် ဦးနဲ့ မြလွင်တို့ဟာ မောင်နှမတော်စပ်ခဲ့ဖူးပုံရတယ်''
''ဟင်… ဘုန်းဘုန်း ပြောသလိုဆိုရင် ကိုကြီးချစ်မှူးကကျတော့ ဟိုဘဝတုန်းက ယောက်ဖဖြစ်နေမှာပေါ့''

ချစ်ဦးအတွေးကို သဘောကျပြီး ဆရာတော်က ပြုံးတော်မူ၏။ ချစ်ဦးက ဆက်၍….
''တပည့်တော်ကတော့ မမမြလွင်ဟာ တပည့်တော်တို့ အမေဝင်စားတာလို့ ထင်တာပဲဘုရား''
''ဆရာတော်က 'အိမ်း' ဟု ရေရွတ်ရင်း ခေါင်းတစ်ချက်ညိတ်လိုက်မိသေးသည်။ ပြီးမှ…
''ဟယ်… ပေါက်ကရ ပြောရော့မယ် မောင်ချစ်ဦးရယ်၊ မြလွင်က မင်းထက်တောင် အသက်ကြီးသေးတာ၊ မင်းအမေဆုံးတော့ သူတောင် အတော်ကြီးရောပေါ့ဟဲ့''
ချစ်ဦးကလည်း 'ဟုတ်သားပဲ'ဆိုပြီး ရယ်ကျဲကျဲ လုပ်နေလိုက်သည်။ ခဏစဉ်းစားပြီးနောက် မေးလိုက်ပြန်၏။

''လူဝင်စားတယ်ဆိုတာရော တကယ်ရှိလို့လားဘုရား''
''ရှိနိုင်တာပေါ့ သတ္တဝါတွေဟာ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်မချင်း ဘဝတစ်ခုပြီးတစ်ခု ကူးပြောင်းနေရ တယ်လို့ အဆိုရှိတာကိုးကွယ့်''
''ဒါဆို တပည့်တော်ကတော့ ဘယ်သူဝင်စားတာလဲ''
''လူတစ်ယောက်ရဲ့ အတိတ်ဘဝကို ဘုရားမှတစ်ပါး ဘယ်သူမှ မသိနိုင်ဘူးကွယ့်''
''တပည့်တော် စဉ်းစားနေတာ တစ်ခုရှိသေးတယ်၊ အခုချိန်မှာ ကမ္ဘာပေါ်မှာ လူဦးရေ တွေ အရမ်းတိုးလာ တယ် လို့ လက်ဖက်ရည်ဆိုင်မှာ ပြောတာကြားဖူးတယ်''
''အေး.. ဟုတ်သလေ ဘာဖြစ်တုန်း''

''အဲဒီ တိုးလာတဲ့ လူတွေကကော ဘယ်ကရောက်လာတာလဲဘုရား''
ဆရာတော် တွေသွား၏။ ထို့နောက် ခေါင်းတညိတ်ညိတ်လုပ်ပြီး…
''အင်း… ဒါဟာ မေးသင့်မေးထုတ်တဲ့ မေးခွန်းပဲ၊ ခုနပြောသလို ဘဝတွေတစ်ခုပြီး တစ်ခု ပြောင်းလဲ နေရာက လူ့ဘဝကို ရောက်ရှိလာကြတာပဲလို့ အကြမ်းဖျင်း ပြောရလိမ့်မယ်''
''ဒါဆိုရင် လူဦးရေ တိုးလာတာဟာ နတ်ပြည်က ပြုတ်ကျလာတဲ့လူတွေမျာူးလာလို့လား၊ ငရဲပြည်က လွတ်ပြီး တက်လာတဲ့လူတွေများလာလို့လား''

ဆရာတော် နဖူးကြောရှုံ့ရပြီ
''အင်း…ဒါမ်ျိုးဆိုတာကတော့ စာတတ်ပေတတ် ပညာရှိဆရာတော်ကြီးတွေမျ လိပ်ပတ်လည်အောင် ဖြေ နိုင်မှာပဲ၊ ကြုံကြိုက်တဲ့ အခါ မေးထားပေးမယ်၊ ဟုတ်ပြီလား၊ အရေးကြီးတာက မင်းဘယ်ဘဝက ကူးပြောင်း လာတာလဲဆိုတာထက် ဘယ်ဘဝကို သွားမလဲဆိုတဲ့ ကိစ္စပဲ၊ ဘုရား တရားကို မမေ့နဲ့ ကြားလား''
ချစ်ဦးက ခေါင်းညိတ်လိုက်ပြီး
''တပည့်တော်ကတော့ နောင်ဘဝမှာ ခုလိုရူးပေါပေါ မဖြစ်ရင်တော်ပါပြီဘုရား''
''ဟယ်… ဒီလိုမပြောနဲ့ မောင်ချစ်ဦး ရဲ့ လောဘဒေါသမောဟ ဖုံးလွှမ်းပြီး ကိုယ့်ကိုယ်ကိုရူးလို့ ရူးမှန်း မသိတဲ့ လူတွေထက်စာရင် မင်းက အပုံကြီးသာသေးတယ်ကွယ့်''
ချစ်ဦးက ပြုံးဖြီးဖြီးလုပ်ပြီး။

''ဒီလိုကျတော့လည်း ဘုန်းဘုန်းက တော်သွားပြန်ရော''
ဟု ပြောလိုက်သည်။ ဆရာတော်မှာ ရယ်ပဲရယ်လိုက်ရမလား၊ ငေါက်ပဲ ငေါက်လိုက်ရမလား မသိ ဖြစ်နေ ပြီးမှ…

''ဘုန်းကြီးကို ဒီလို ပြောရသလားဟဲ့''
ဟု မိန့်လိုက်သည်။
ချစ်ဦး သည် ခုလိုပဲ မကြာခဏဆိုသလို ဆရာတော်ကို ကပ်သီးကပ်သပ်တွေ မေးတတ်သည်။ ခြင်ဆေးခွေ ထွန်းတာ အပြစ်ရှိသလား၊ ဘုန်းကြီးတွေ ဘာဖြစ်လို့ ကားမမောင်းရတာလဲ၊ ဆေးလိပ်ကိုလည်း ငါးပါးသီလ ထဲ ထည့်သင့်တယ် စသည်ဖြင့်။
ဆရာတော်ကလည်း အရူးအပေါပဲဟု ပြီးပြီးရော ဖြေလေ့မရှိ။ စိတ်ရှည် လက်ရှည် ဂရုစိုက် အလေးထားပြီး ဖြေကြား လေ့ရှိ၏။ ထို့ကြောင့် လည်း ချစ်ဦးက ဆရာတော်ဆီ လာလေ့ရှိခြင်းဖြစ်၏။
''အဲဒါက အရေးမကြီးဘူး၊ ဘုန်းဘုန်းနဲ့ စကားပြောလိုက်ရတာနဲ့ပဲ ဗိုက်တောင်ဆာလာပြီ၊ ဘာကျွေးစရာရှိ လဲ ဘုရား''
''အလို မင်း က မေးလို ငါကလည်း ဖြေရသေးတယ်၊ ဗိုက်ဆာလာပြန်ပတဲ့လား၊ ကဲကဲ…. ဟောဟိုက စားပွဲ ပေါ် မှာ  ငှက်ပျောသီးရှိတယ်''
''ဟာ… ငှက်ပျောသီး က ခဏ ခဏ စားနေရတာ ကိတ်မုန့်မရှိဘူးလား''

''ဟယ်.. ငါ့ကျောင်းကိုများ ဟိုတယ်မှတ်နေလို့လား၊ သြော်.. နေဦးမရွေးတော့ ရှိတယ်၊ စားချင်ယူစား''
''ရှိတာပဲ၊ စားရတော့မှာပေါ့လေ၊ ဘုန်းဘုန်းကျောင်းကလည်း ဆင်းရဲလိုက်တာ ဘော့စ်ကျတဲ့ ဒကာလေး ဘာလေး ရှာပါဦး''
ဟု ပြောပြီး မရွေးတွေကို အားပါးတရ စားနေသည်။ ဆရာတော်က ပြုံးကြည့်နေလိုက်၏။
ချစ်ဦးအိမ်ဝင်းထဲ ဝင်လာစဉ် အိမ်ရှေ့ကွက်လပ်ကလေးမှာ ကစားနေသော သဲသဲချစ်ကို လှမ်းမြင်ရသည်။ သူ့ ခြေလှမ်းတုံ့ခနဲ ဖြစ်သွား၏။ သဲသဲကြိုက်တတ်သော ခေါက်မုန့်ဝယ်လာဖို့ မေ့သွားကြောင်း သတိရ လိုက် သောကြောင့် ဖြစ်၏။ ထို့ကြောင့် သဲသဲချစ်မသိအောင် အသာကလေး ပြန်လှည့်အထွက်မှာ..

''ဟဲ့.. ဆင်''
သဲသဲချစ်က သူ့ကို မြင်သွားပြီး လှမ်းအော်ခေါ်လိုက်ခြင်းဖြစ်၏။ ဒါမျိုး သူတို့နှစ်ယောက် လုပ်နေကျဖြစ်၏။ သဲသဲချစ်က 'ဟဲ့..ဆင်' ဟု အော်ခေါ်လိုက်တာနဲ့ ချစ်ဦးကချက်ချင်း လေးဖက်ထောက်ချလိုက်ပြီး 'ဗူး'ဟု အော်လိုက်၏။ ထိုအခါ သဲသဲချစ်က ပြေးလာပြီး ကျောပေါ်ခွစီးလိုက်သည်။ ချစ်ဦးက တဝူးဝူး အော်ရင်း မြေပြင် မှာ လှည့်ပတ်သွားနေသည်။ သဲသဲချစ်က သဘောတွေကျပြီး တခစ်ခစ်ရယ်နေ၏။
သဲသဲချစ် ၏ ရယ်သံကိုကြားသဖြင့် မြလွင်ထွက်ကြည့်သည်။ သူတို့ကိုမြင်တော့..
''ဟယ်… သမီးရယ်၊ ရူးရူးသနားပါတယ်၊ မြေကြီးပေါ်မှာဆိုတော့ ဒူးတွေလက်တွေ ပွန်းပဲ့ကုန်မျာပေါ့''
''ရပါတယ် မမရဲ့''
ဟု ချစ်ဦးက ပြောသည်။ သဲသဲချစ်က ကျောပေါ်မှ လျှောဆင်းလိုက်ပြီး

''ရူးရူး ဒူးတွေ ပွန်းသွားသလားဟင်''
ဟု စိုးရိမ်သံဖြင့် မေးရင်း ချစ်ဦး၏ ဒူးကို လှန်ကြည့်သည်။ ခဲတွေ သဲတွေနှင့် ဖိမိသဖြင့် အချိုင့်ရာ အစင်းရာ တွေ ထင်နေ၏။ သဲသဲချစ်က ပွတ်သပ်ကြည့်ပြီး..
''နာလားဟင်''
ဟု မေးသည်။ ချစ်ဦါ်က
''ဟား ဟား…. ဘယ်နာမလဲ၊ ရူးရူးက ရှောင်လင်ဆရာကြီးလေ၊ အတွင်အားသိပ်ကောင်းတာ၊ ဒီလောက် တော့ အပျော့ပေါ့''

ဆိုပြီး အတွင်းအား ကျင့်တဲ့ပုံမျိုးလုပ်ပြနေသေးသည်။ သဲသဲချစ်က သဘောကျပြီး လက်ခုပ်တီးသည်။ ချစ်ဦး လည်း အားတက်လာပြီး ရှောင်လင်သိုင်းကစားသလိုမျိုး လုပ်ပြနေသည်။ ပါးစပ်ကလည်း စိတ်ကူး တည့်ရာတွေ ရေရွတ်နေ၏။
''ဟောဒါက မြွေနှစ်ကောင်သိုင်းကွက်၊ ဒါက ဂဠုန်ရာဇာ၊ ဒီမှာကြည့် မြဟင်္သာတဲ့၊ ဟောဒီမှာ ဆင်ခြောက် ကောင်''
ချစ်ဦးက ကိုးရိုးကားရား တွေလုပ်ပြ၊ သဲသဲချစ်က တခစ်ခစ်ရယ်၊ မြလွင်ပင်လျှင် မရယ်ဘဲ မနေနိုင်။ ထိုစဉ်မှာ ပင်….
''ဟာ… ဘာလုပ်နေကြတာလဲ''
ဟု ရုပ်ရှင်တွေထဲကလို စကားစပ်ရင်း ဦးဝင်းမောင်ကြီးရောက်လာသည်။
''မြလွင်၊ နေကောင်းတယ်နော်''
ဟု နှုတ်ဆက်သည်။ မြလွင်က 'ဟုတ်ကဲ့'ဟု ဣနြေ္ဒရရ ဖြေသည်။ ဦးဝင်းမောင်ကြီး သည် ချစ်ဦး တစ်ယောက် လုံး ကိုကျော်ပြီး မြလွင်ကိုကွက်၍ နှုတ်ဆက်လိုက်မိတာကို သတိပြုမိပြီး…
''ဟဲ ဟဲ၊ ချစ်ရူး မင်းကော နေကောင်းရဲ့လား''

''နေလို့တော့ ကောင်းပါတယ်၊ ဒါပေမယ့် ဝမ်းနည်းနည်းချုပ်နေတယ်ဗျ''
ချစ်ဦးဖြေပုံကြောင့် ဦးဝင်းမောင်ကြီး ကြောင်အအ ဖြစ်သွားသေးသည်။ ပြီးမှ….
''ဝမ်းမှန်အောင်တော့ ဂရုစိုက်ကွ၊ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူးဆိုတဲ့ စကားရှိတယ် မဟုတ်လား၊  ဒါနဲ့ သားအမိတစ်တွေ၊ တူဝရီးတွေ ဘာများသဘောကျနေကြတာလဲ''
ချစ်ဦးသည် ရုတ်တရက် စိတ်ကူးတစ်ခုရသွားပြီး….
''တခြား မဟုတ်ပါဘူးဗျာ၊ သဲသဲက ဆင်ကြီးစီးချင်တယ်ပြောနေလို့ အဲဒါဗျာ ကျွန်တော်ကလည်း ဘကြီးထွန်း တို့အိမ်က အုန်းပင်ကို အသီးတွေချပေးဖို့ သွားရမှာမို့ မအားဘူး၊ ဒီတော့ ဦးဝင်းမောင်ကြီးပဲ ဆင် ကြီး လုပ်ပြီး အစီးခံလိုက်ပါလား''
ဦးဝင်မောင်ကြီး အကြံအိုက်သွား၏။

''အဲ… ဒါကတော့… ဟိုဒင်း''
မြလွင် ဝင်၍ပြောသည်။
''အို…. မောင်လေးကလည်း ဘယ့်နှယ့်၊ အားနာစရာကြီး''
ချစ်ဦးက…
''ဟာ… ဘာအားနာစရာရှိလဲ၊ ဦးဝင်းမောင်ကြီးပဲ ကလေးချစ်တတ်တယ်လို့ ခဏ ခဏ ပြောတာမဟုတ် လား''
ဦးဝင်းမောင်ကြီးမှာ မတတ်သာလှသဖြင့်
''အဲ.. .ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ လာသမီးလာ''
ဆိုပြီး ကုန်းပေးလိုက်ရ၏။ မြလွင်တစ်စုံတစ်ခု မပြောနိုင်ခင်မှာပင် ချစ်ဦးက သဲသဲချစ်ကို စွေ့ခနဲ ကောက်ချီ ပြီး ဦးဝင်းမောင်ကြီး၏ ကျောပေါ်တင်ပေးလိုက်၏။ ဦးဝင်းမောင်ကြီးက ရှက်ပြီး လေးဖက် မထောက်ဘဲ ကုန်းကုန်းကွကွကြီးလုပ်နေသဖြင့် ကုန်းပိုးထားသလို ဖြစ်နေသည်။ ထိုအခါ သဲသဲချစ်က…
''ဆင်ကြီး လိုလုပ်လေ''

ပြောသဖြင့် လေးဖက်ထောက်လိုက်ရသည်။ ချစ်ဦးလည်း မြလွင်ကို မျက်စိမှိတ်ပြလိုက်ပြီး လစ်ထွက်သွား သည်။ ဦးဝင်းမောင်ကြီးခမျာ သဲသဲချစ်က ''ဝူးလိုအော်ဦးလေ''ဆိုသဖြင့် အော်ရသေးသည်။ ဒီကြားထဲမှာ ရပ်ကွက်ထဲက ကောင်မလေးနှစ်ယောက် အချဉ်ထုပ်လာဝယ်ရင်း သူတို့ဖြစ်နေပုံကို မြင်သွားပြီး ပြုံးစိစိ လုပ်သွားကြသေးသည်။
ဒေါ်ငွေဇံသည် အစတုန်းကတော့ ဦးဝင်းမောင်ကြီးကို ချစ်ဦးအိမ်ပြောင်းဖို့ကိစ္စအတွက် အသုံးချဖို့ ရည်ရွယ် စိတ်ကူးခဲ့ဖူးသည်။ ချစ်ဦးကို အိမ်ပြောင်းခိုင်းဖို့ မြလွင်က သဘောမတူခဲ့၊ ထိုအခါ ချစ်ဦးနှင့် ဖြစ်သွားမှာ စိုးရမ်လို့ ဦးဝင်းမောင်ကြီးနဲ့ပဲ သဘောတူသယောင်ယောင်လုပ်ပြီး ဖိအားပေးဖို့ ကြံစည်ခဲ့သည်။ ဦးဝင်း မောင်ကြီးကို မယူချင်လျှင် ချစ်ဦနှင့် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အိမ်ပြောင်းခိုင်းဆိုသောသဘော။

ခုကျတော့ ချစ်ဦးက ကြည်ကြည်သာသာပင် အိမ်ပြောင်းပေးလိုက်သည်။ ဦးဝင်းမောင်ကြီးကို အသုံးချစရာ မလိုတော့သဖြင့် ပထုန်လိုက်ဖို့သာ ရှိ၏။ သို့ရာတွင် ဒေါ်ငွေဇံတွင် စိတ်ကူးတစ်မျိုး ပေါ်လာခဲ့ပြန်၏။
မြလွင်ကို ဦးဝင်းမောင်ကြီးနှင့် အမှန်တကယ်ပဲ နေရာချပေးလိုက်ရလျှင် ဘယ်လိုနေမလဲ။

ဦးဝင်းမောင်ကြီးသည် မုဆိုးဖိုဆိုသော်လည်း သားသမီးမရှိသဖြင့် လူပျိုကြီးလိုပင် ဖြစ်၏။ တစ်နည်းအား ဖြင့် နောက်ကြောင်းရှင်းသည်ဟု ဆိုရမည်။ တခြားထောက်ပံ့စရာတွေ အမွေကိစ္စတွေ ပြဿနာမရှိနိုင်။ သူက  ချမ်းသာကြွယ်ဝသူမဟုတ်သည့်တိုင် သူတို့အတိုင်းအတာအရဆိုလျှင် စီးပွားရေးကောင်းသူ ဖြစ်၏။ သဘောထားကလည်း မဆိုးလှ၊ ဒေါ်ငွေဇံ၏သြဇာကို နာခံမည့်ပုံရသည်။ ကိုယ့်လက်ကိုယ်ခြေ ကြိုက်သလို စီမံခန့်ခွဲနိုင်မည်။ ရှေ့ရေးအတွက်လည်း ဘာမှ ပူပင်စရာမလိုတော့။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှန်လိုက်လျှင် မိုက်မဲရာကျလိမ့်မည်။
တစ်ခုပဲ ပြောစရာရှိ၏။ ဦးဝင်းမောင်ကြီး၏ အသက်က သူနှင့် မတိမ်းမယိမ်း ဖြစ်နေခြင်း၊ သမက်နဲ့ ယောက္ခ မရွယ်တူလို ဖြစ်နေတာကတော့ လူပြောစရာ ဖြစ်နိုင်သည်။ သို့ ရာတွင် လူတွေပြောတာလောက်နဲ့ပဲ ကိုယ့် အကျိုးရှိရာရှိကြောင်းကို စွန့်လွှတ်ရမယ်ဆိုလျှင် နှမြောစရာကြီး။

တကယ်တော့ ဒီလောက်စိုးရိမ်စရာမလို။ အသက်ချင်းမတိမ်းမယိမ်းဆိုသော်လည်း ဘယ်သူကမှ အသက် အတိအကျ သိကြတာမဟုတ်၊ ပြီးတော့ ဦးဝင်းမောင်ကြီးက သူ့ကိုယ်သူ နုအောင် နေတတ်သည်။ ခု နောက်ပိုင်း မှ ပိုပြီး သိသာလာ၏။
ဆံပင်ဖြူစ ပြုလာတာကို ဆေးဆိုးသည်။ ဆံပင်ပုံစံကို လူုငယ်စတိုင်ညှပ်သည်။ လူငယ်တွေ လိမ်းသော ခေါင်းလိမ်းဆီကို သုံးသည်။ ရှပ်အင်္ကျီလက်တို သို့မဟုတ် စပို့ရှပ်အရောင်နုနုကလေးတွေ ဝတ်သည်။ ပုဆိုး ကွက်စိပ်ကလေးတွေ ငါးနှစ်လောက်ငယ်သွားပုံရသည်ဟု သူ့ကိုယ်သူ မှတ်ချက်ချထား၏။
ဒေါ်ငွေဇံကလည်း အသက်ချင်းကွာသယောင်ထင်ရအောင် ''မောင်ဝင်းမောင်''ဟု ခေါ်သည်။ သူ့ကိုယ်သူ တော့ အန်တီ ဟု သုံးနှုန်းသည်။ ဦးဝင်းမောင်ကြီးကတော့ အန်တီဟု မခေါ်ရဲသဖြင့် အစ်မကြီး ဟုသာ ခေါ်လေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၂၂)

အောင်ကျော်စည်နဲ့ ဆွေးနွေးတဲ့အတွက် "အဖတ်ပြဇာတ်" သဘောကို ကျုပ် ယုံကြည်လာတာဗျ။ သူက စင်တင်ပြဇာတ်ဟာ သူ့ဘာသာသူ စင်ပေါ်မှာနေ၊ အဖတ် ပြဇာတ်ဟာ စာအုပ်ထဲမှာ နေတဲ့အတွက် သီးခြား ဖြစ်ရမယ်။ အဲဒီသဘော ရှိတယ်။ အဖတ်ပြဇာတ် ဆိုရင်တော့ ပရိသတ်ကို အခုထက်များ စည်းရုံး နိုင်ပြီး ပြဇာတ်ဖတ် ပရိသတ် အခုထက် တိုးပွားစေချင်တဲ့ စေတနာပါပဲလေ။
ကျုပ်လည်း ဘာလိုလိုနဲ့ ပြဇာတ် မရေးဖြစ်တာ အတော်ကြာသွားပြီဗျ။ အဲ ... ရေးဖူးသမျှ စုစုပေါင်းဆိုရင် နှစ်ဆယ် တော့ ကျော်မလားဘဲ။

ရသစာပေမှာ ကဗျာ၊ ၀တ္ထုနဲ့ ပြဇာတ်ပဲ ရှိတာဗျ။ အခုတော့ ကဗျာနဲ့ ၀တ္ထုပဲ ကျန်နေပြီး ပြဇာတ်က တိမ်မြုပ် နေတော့ နှမြောစရာပေါ့ဗျာ။ ကိုရင်တို့လို အောင်မြင်တဲ့ မဂ္ဂဇင်းတွေကမှ ပြဇာတ်ကို တစ်နှစ် အတွင်း လေးငါး ခြောက်ပုဒ်လောက် နေရာမပေးရင် ဘယ်သူက နေရာပေးမှာလဲ။ ဒီလိုဆိုရင် ပြဇာတ်ဟာ ဒီလိုပဲ တစ်သက်လုံး သေနေရတော့မလား။
ပြဇာတ် ရေးကြတဲ့အခါမှာ မည်ကဲ့သို့ ပြင်ဆင်ထားစေ၊ မည်သူ ထွက်လာစေဆိုတာဟာ မဏိကတ် ပြဇာတ်ခေတ်က ရေးပုံကြီးပဲ။ အဲဒီအချိန်တုန်းက ကပြဖို့အတွက် ရေးတဲ့ ဇာတ်ညွှန်းပဲ။ အဖတ်ပြဇာတ်မှာ အဲဒီလို ရေးတော့ ဘယ်လိုလုပ်ပြီး စာဖတ်သူ အာရုံငြိမှာလဲ။

တချို့ ပြဇာတ်များဆိုရင် လူများက စက်ဝိုင်းပုံ ရပ်နေစေ၊ ဒိုးပတ်ဝိုင်းက သင့်လျော်ရာ တေးတစ်ပုဒ်ကို တီးမှုတ် နေစေတဲ့။ စာဖတ်သူမှာ ခံစားလို့ရမယ် မထင်ဘူးလေ။
အဖတ်ပြဇာတ် မထွန်းကားတာကတော့ -
တစ် - ပရိသတ် စုပြီးသားရှိတဲ့ မဂ္ဂဇင်းတွေက အားပေးမှု နည်းလို့ပါ။
နှစ် - ပြဇာတ်ကို သူများ ရေးသလို ငါလည်း ရေးတတ်တာပဲဆိုပြီး ထရေးကြပေမယ့် ပြဇာတ် ရေးရမယ့် ဇာတ်လမ်း နဲ့ ပြဇာတ် မရေးရမယ့် ဇာတ်လမ်းတောင် ခွဲခြားမသိဘဲ ရေးကြလို့၊ တကယ် ရေးတတ်သူ နည်းပါး လို့ရယ်လို့ ပြောကြပါစို့။
သုံး - ရေးတတ်သူက ရေးပြန်တော့လည်း ပြဇာတ်ရဲ့ အညွန့်အတက်ကို ဖဲ့ပြီးမှ ရေးနေကြရတဲ့အတွက်။
လေး - လေးအချက်ကတော့ ပရိသတ် စိတ်မ၀င်စားလို့ပါ "

" ဇာတ်သဘင်နဲ့ ပတ်သက်ပြီး နောက်ကွယ်က အဖြစ်အပျက်တွေကို သရုပ်ဖော်ထားတာ တွေ့ရပါတြယ်။ ဒီနေ့ ဇာတ်သဘင် လောကအပေါ် ဆရာ ဘယ်လို မြင်ပါသလဲ "
" ဇာတ်သဘင်တွေရဲ့ ချို့ယွင်းချက်တွေကို ဖော်ပြပြီး ဖြစ်ကောင်းတာ။ ဖြစ်သင့်တာ ကလေးတွေကို ဟာသ ၀တ္ထုတိုတွေ ကျုပ် ရေးပေမယ့် အမျိုးသား အနုပညာရပ်တစ်ခု မှန်မှန် ကန်ကန် တိုးတက်ကြီးပွား စေချင်တဲ့ စေတနာပဲ ရှိတာပါ။ ဘယ်လို မြင်တယ်ဆိုတာအထိ ပြောလောက်တဲ့လူ ဟုတ်မယ် မထင်ပါဘူး။
ဇာတ်သဘင် ဟာ ဖွဲ့ပုံပေါ် က ရဲတိုက်ပဲ။

ကိုရင် ကြည့်လေ၊ ဇာတ်တစ်ဖွဲ့မှာ စာပေနဲ့ အနီးဆုံး ပုဂ္ဂိုလ်ဟာ စာရေးဆရာပဲ။ အဲဒီစာရေးဆရာဟာ ဗုဒ္ဓ၀င် ကို မှန်မှန်ကန်ကန် မသိဘူးဆိုရင် ကိုရင် ယုံမလား။ အဲလေ ... သူတောင်မှ အဟုတ် မဟုတ်ရင် ကျန် တဲ့ လူတွေ မဟုတ်တာ ပြောမနေနဲ့တော့။
ဇာတ်အဖွဲ့တစ်ဖွဲ့ ရုံဝင်ကနိုင်ဖို့အတွက် ရုံခလည်း ကြီးတယ်။ ရုံဆောက်စရာ မြေဈေးလည်း ကြီးတယ်။ ပွဲကျ ပြန်တော့လည်း ဖျာနေရာ နေရာကောင်းတွေက ပိုက်ဆံမရရှာကြဘူး။ အဲဒီအခါမှာ ပွန်းပြတ် ပြတ်ကုန် တယ်လေ။ ပွန်းပြတ်ပြတ်ကုန်တော့ ဘယ်သူ ၀င်လာသလဲ၊ ငွေရှင်ပေါ့။ ငွေရှင်ဆိုတာက ထုံးစံ အတိုင်း ငွေ အတွက်ပဲ မြင်တဲ့ ကြည့်တဲ့အခါ သူ့အိတ်ထဲ ရောက်နေတဲ့ အနုပညာသည်များမှာ မတော်တာ တွေ လုပ်ကြ ရတော့တယ်။ တချို့ ပညာသည်ကြီးတွေမှာ သိပေမယ့် မလွန်ဆန်နိုင်လို့ ငြိမ်နေကြရတယ်။
အချိန်မီ သတိရပြီး အမျိုးသားအနုပညာ မပျက်စီး မပပျောက်အောင် ကာယကံရှင် သဘင်သည်တွေကိုယ် တိုင် ထိန်းနိုင်ရင် ထိန်း၊ မထိန်းနိုင်ရင် ရာစုတစ်စိတ်အတွင်းမှာ တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းဟာ ဇာတ်ခုံ ပေါ်က ပျောက်သွားနိုင်တယ် "

" ဇာတ်သမား တော်တော်များများက "ဝေဖန်ရေး"ကို အော့ကြောလန်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဝေ ဖန်မှု မရှိကြဘူး။ ဆရာ ဘယ်လို မြင်ပါသလဲ "
" ဝေဖန်ရေးကို ဇာတ်သမားများသာ မဟုတ်ပါဘူး၊ ရုပ်ရှင်သမား၊ ဂီတသမားနဲ့ စာပေသမားလည်း အော့ ကြောလန်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး မလုပ်ကြတာမှာလည်း အတူတူပါပဲ။ ဘာကြောင့်လဲဆို တော့ အများအားဖြင့် တိမ်တိမ် ကလေးတွေပဲ။ ဘယ်လောက်အထိ တိမ်သလဲဆိုရင် ခြေဖမိုးတောင် မမြုပ် ဘူး။
အနုပညာမှာ ရိုးဖြောင့်တဲ့ ဝေဖန်ရေးဟာ အလွန်လိုအပ်တာပေါ့။ ကျွမ်းကျင်ပြီး တင်ပြတတ်တဲ့ ဝေဖန်ရေး သမားဆိုရင် ပိုပြီး အဖိုးတန်ပါတယ်။ အခုတော့ သူတစ်ပါး ဝေဖန်တာလည်း မခံနိုင်၊ မိမိကိုယ်ကို ဝေဖန်ရေး လည်း မလုပ်ကြတော့ အနုတ်လက္ခဏာမျာပဲ ကျောက်ချနေကြပါပကော "

" ဇာတ်တစ်ဖွဲ့ရဲ့ အရည်အချင်းကို ဘာနဲ့ အကဲဖြတ်ကြမလဲ။ မီးပစ္စည်းတွေနဲ့လား၊ ဆက်တင်တွေနဲ့လား၊ မင်းသမီး အား နဲ့လား၊ မင်းသား ချောတာနဲ့လား၊ ပြဇာတ် ကောင်းတာလား၊ နှစ်ပါးခွင် နိုင်နင်းမှုနဲ့လား "
" ဘယ်အနုပညာသည် ပဲ ဖြစ်ဖြစ် ထမင်းတစ်လုတ်အတွက် ပြည်သူကို အဆိပ်မကျွေးသင့်ပါဘူး။ နယ်လှည့် ပြီး အဆိပ်တွေ ဖြန့်ဝေရာ မရောက်အောင်၊ အရပ်တကာ လှည့်ပြီး မကောင်းမှု ကျူးလွန် နေကြတယ်လို့ အဆိုမခံရအောင် လုပ်ကြဖို့၊ သတိထားဖို့ ကောင်းတာပေါ့လေ။
ဇာတ်အဖွဲ့တစ်ဖွဲ့မှာ ဆက်တင်တွေ၊ မီးတွေဟာ အဓိက မဟုတ်ပေမယ့် မပါရင် မပြီးတဲ့ အခြေကို ရောက်နေ ပြီ။ အဆို၊ အက၊ အငိုနဲ့ ဇာတ်စီး ဇာတ်နင်းနိုင်ခြင်းဟာ အစိတ်အနှစ်သာရပါ။ ပိုက်ဆံရတာ၊ မရ တာ နဲ့ တိုင်းတာရင်တော့ အမှန်ကို မရောက်ဘူးနော်။

ကျုပ် ပြောခဲ့ပြီပဲ။ ကျုပ်ဟာ ပိုက်ဆံရလို့ စာရေးတာ မဟုတ်ပါဘူးလို့။ စာရေးရင်း ရေးရင်းနဲ့ သိလာ ခံယူ လာ တာက စာပေနဲ့ အလုပ်သမား၊ လယ်သမား၊ စာပေနဲ့ နိုင်ငံတော် စာပေနဲ့ နယ်ချဲ့ဆန့်ကျင်ရေးပဲ။ ဒီတော့ ကိုယ့်စေတနာကို ကိုယ် ယုံကြည်တဲ့အတွက် စေတနာနဲ့ ရေးတာပါပဲ။
အတိုချုပ်ရရင်တော့ အကွပ်မဲ့တဲ့ ကြမ်းထဲက အနိဌာရုံတွေ ရှင်းလင်းသွားဖို့ အရေးကြီးဆုံး အခြေခံက မျိုးချစ်စိတ်ပါပဲ။ မျိုးချစ်စိတ်လို့ ဆိုတာနဲ့ တစ်ပြိုင်နက် သင့်လျော်လျောက်ပတ်တဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ ခြေမြစ် ခိုင်မာ တဲ့ အမျိုးသား ဓလေ့ထုံးတမ်းတွေကို ရှင်သန်အောင် အားထုတ်ဖို့ပါပဲ။

ကျုပ်က ကိုယ်တွေ့ဗျ။ ခြင်းယိုင်ခတ်ပညာထဲက ခြင်းပေါက်တွေကို အမေရိကန်ကလာတာ မဟုတ်လားလို့ မေးတာ နားနဲ့ဆတ်ဆတ် ကြားရတယ်။ တစ်ထောင်မှာ တစ်ယောက်ပါလို့ ပြောပြော၊ သန်း ၃၀ မှာ တစ် ယောက်ပါ လို့ ဆင်ခြေတက်တက် ပြေးတဲ့အတွက် ထင်ကျန်ခဲ့တဲ့ ကန်ရာပဲဗျ။
အဲဒါကြောင့် အမျိုးသား ယဉ်ကျေးမှု ဆုတ်ယုတ်နေတာကို ခေတ်နဲ့အညီ တိုးတက်ခြင်းပဲ၊ ခေတ်သဘော ပဲလို့ မြင်မနေကြရင် အကွပ်မဲ့တဲ့ ကြမ်းထဲက အနုတ်လက္ခဏာတွေလျော့နည်း ပပျောက် သွား ကောင်း ပါရဲ့"
" ဒီနေ့ မြန်မာစာပေလောကကို ဆရာ့ စာပေအတွေ့အကြုံအရ ဘယ်လို မြင်ပါသလဲ ဆရာ"

" စာပေအတွေ့အကြုံအရကတော့ ငွေလိုချင်လို့ စာရေးတာ မဟုတ်တဲ့လူဟာ ကြည်ညိုစရာ အကောင်းဆုံး ပါပဲ။ ကျည်ဆန်တစ်တောင့်ဟာ လူတစ်ယောက်ကိုသာ သေစေပေမယ့် မကောင်းတဲ့စာဟာ လူပေါင်း များစွာကို သေစေနိုင်တဲ့အတွက် ငါ့စာဟာ အဆိပ်မဖြစ်စေရဘူးဆိုတဲ့ သစ္စာတရား ဦးထိပ် ထားတဲ့ လူကို ပိုပြီး ကြည်ညိုရပါတယ်။
စာပေကို မြတ်နိုးမှု၊ လေးစားမှု မရှိတဲ့လူဟာ ဘယ်လောက်ပဲ စာတွေ ရေးနေနေ စာပေသစ္စာ၊ စာပေရဲဘော် စိတ် အလွန်ခေါင်းပါးပြီး ဘ၀တူတွေကို ရန်သူ ထင်နေတဲ့အတွက် ရွံစရာကောင်းပါတယ်။ အဲဒါကြောင့် အဲဒီလိုလူမျိုးနဲ့ ဆန့်ကျင်ဘက် လူဟာ ကြည်ညိုစရာ အကောင်းဆုံးပါပဲ။

စာပေလောက အတွေ့အကြုံတွေ လျှောက်ပြောရရင်တော့ ဘာတစ်လုံးမှ မသိတဲ့ မဂ္ဂဇင်းအယ်ဒီတာတွေ အကြောင်း ပါကုန်လို့ ဘယ်မဂ္ဂဇင်းကမှ ကျုပ်စာတွေ မသုံးဘဲ နေပါဦးမယ်။ ငွေသမားတွေ ၀င်နှောက်တဲ့ အတွက် စာပေမှာလည်း ခွကျနေတာပါပဲ။ ကျုပ်တို့ ၀မ်းသာအားရ တလေးတစားနဲ့ ကြိုဆိုရတဲ့ ကလောင် သစ်တချို့၊ သူတစ်ပါး ရေးပေးတဲ့စာကို ကိုယ့်စာလုပ်ပြီး ထုတ်လာကြတဲ့အထိ ငွေသမားဟာ နှောက် နေတာ ပါ။

ဘာသာပြန် လုံးချင်းတွေ ရောင်းရတယ် ကြားတော့ အလိုလေး အင်္ဂလိပ်စာရော မြန်မာစာပါ ဘယ်ဟာမှ ကောင်းကောင်း တတ်ပုံမပေါ်တဲ့ လူတွေကပါ ထပြန်ကြတော့တာဆို။ ဟုတ်ပြီ။ ကောင်းကောင်းမွန်မွန် ဟုတ်ဟုတ်ဟတ်ဟတ် ပြန်ထားတဲ့ စာအုပ်တွေကော၊ ဘာတွေလဲ။ ဗိုက်အငှားနဲ့ ဓားထိုးခံ ဆိုတာလို သူတစ်ပါး ရဲ့ မကောင်းတဲ့ ယဉ်ကျေးမှုကို စေတနာ့ဝန်ထမ်း ဖြန့်ချိပေးတာတွေ တွေ့ရတယ်။ စုံထောက် ၀တ္ထု အောက် နိမ့်ကျတဲ့ သိပ္ပံစွန့်စားခန်းတွေလည်း အများကြီးပဲ။ ဖတ်မိရင်တော့ လက်က မချနိုင်ဘူး။ ဖတ်လို့ လည်း ပြီးရော အိမ်လေးမှာစိုးလို့ လွှင့်ပစ်လိုက်ရတယ်။
ဒါပေမဲ့ ကိုရင်ရေ ... မဂ္ဂဇင်းတွေကတော့ တယ်အားရစရာကောင်းတာပဲ။ အတွင်းကလည်းလှ၊ အပြင်က လည်း လှ သိပ်လှတာပဲ။ လုံးချင်းတွေကလည်း လှတာပဲ "
" ဒါဆိုရင် ကျွန်တော်တို့ ပေဖူးလွှာမဂ္ဂဇင်းအပေါ် ဆရာ့အမြင် အားမနာတမ်း ပြောပြစေချင်ပါတယ် "

" ပေဖူးလွှာမဂ္ဂဇင်းကို အပျော်ဖတ်ပါလို့ ပြောနေသံတွေ၊ ကျုပ်နဲ့ လာဆွေးနွေးတာတွေ ကြားနေ တွေ့ နေပေ မယ့် ကျုပ်မှာ ကိုရင်တို့ ကိုယ်စား ချေပချင်ပေမယ့် ချေပစရာ စကားရှာမတွေ့ဘူး။ ဟုတ်တယ် လေ၊ လေးနက်တဲ့ ဆောင်းပါး၊ ကောင်းလှချေရဲ့ ပြောနိုင်တဲ့ ၀တ္ထုက အားလုံးသော မဂ္ဂဇင်းတွေမှာ ရှားပါး ကုန်ပေါ့ကိုး။

နောက်မှ စဉ်းစားမိတာကတော့ နောက်က လိုက်လာရတဲ့ မဂ္ဂဇင်းတစ်စောင်ဟာ ရှေ့ကလူတွေကို အမီ လိုက်ဖို့၊ ကျော်တက်ဖို့အတွက် အပြစ်ကင်းတဲ့နည်းနဲ့ ကြိုးစားဖို့ ဒီလမ်းပဲ ရှိတာပဲလို့။ အခု စောင်ရေ ကလေး အတော်ရလာချိန်မှာ စာမူကောင်းကို ဦးစားပေးတဲ့ သဘောနဲ့ ကလောင်သစ်တွေကို များများ သုံး လာပြီလို့ ထင်ရတာပဲ။ ကဲ ... တော်ရောပေါ့ "

" ဆရာ့ေ၀၉ဖန်ချက်အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်တို့ မဂ္ဂဇင်းမှာ ရွေးထားတဲ့ စာမူ တွေက သုံးနိုင်တဲ့ အင်အားထက် ရှစ်ဆလောက် ပိုပါတယ်။ ကလောင်သစ်တွေထဲမှာ တကယ် အရည်အသွေး ရှိတဲ့သူတွေလည်း အများကြီး ပါလာတာ တွေ့ရပါတယ်။ စာတည်းအဖွဲ့က စိတ်ကြိုက် တွေ့လို့ သုံးဖို့ ရည်ရွယ်ပြီး ရွေးထားသည့်တိုင်အောင် အလှည့်ကျဖို့ရာ တော်တော်ကလေး စောင့်ရ ပါတယ်။ ပေဖူးလွှာက ကလောင်သစ်၊ ဟောင်း မရွေးဘဲ နေရာပေး ကြိုဆိုပါတယ်။ ဥပမာဆိုရင် "မြနှောင်းညို" ကို ပေဖူးလွှာက စင်တင်ခဲ့လို့ "အသည်းပန်းမှာ ဆူးတွေနဲ့ရယ်"ကို ရုပ်ရှင်လောက ကတောင် တော်တော် စိတ်ဝင်စားတဲ့အထိ အောင်မြင်ခဲ့ပြီပဲ။ အဲဒီလိုပဲ လစဉ် ကလောင်သစ်တွေရဲ့ ၀တ္ထုတို၊ ၀တ္ထုရှည် တွေကို သုံးတဲ့ နေရာမှာလည်း အရည်အသွေး ပြည့်ဝတာတွေ တွေ့ရပါလိမ့်မယ်။ နောင်လည်း ဒီထက် ပိုကောင်းအောင် ကျွန်တော်တို့ ကြိုးစားကြဦးမှာပါပဲ။

အပျော်ဖတ် ဆိုတာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ကျေနပ်ပါတယ်။ ပေဖူးလွှာကို ဖတ်ရတဲ့အတွက် စာချစ်သူရဲ့ ရင်ထဲမှာ ပျော်သွားမယ်၊ ကျေနပ်သွားမယ်ဆိုရင် ကျွန်တော်တို့ ကြိုးပမ်းရကျိုးနပ်တာပဲ မဟုတ် လား ဆရာ။ တကယ်တော့ အပျော်ဖတ်အနေနဲ့ သာမန် ဖတ်တဲ့လူတစ်ယောက်ကသာ ပြောတာပါ။ " ကြည့် သောသူသည် မြင်၏" ဆိုတာလိုပဲ တကယ် လေးလေးနက်နက် ဖတ်ကြည့်ရင် ရသ မြောက် တဲ့ စာတွေ အများကြီး ပါပါတယ်။ ပေဖူးလွှာ လူကြီး၊ လူလတ်၊ လူငယ်ကြိုက် အားလုံးဖြစ်အောင် စီစဉ် ထား တာပါ။ ဆရာ့ ဝေဖန်ချက်ကိုလည်း စာတည်းအဖွဲ့ကို တင်ပြပါမယ်။
ကျွန်တော့်အတွက် အချိန်ပေးခဲ့လို့ ဆရာ့ကိုလည်း ကျေးဇူးအထူးတင်ပါတယ် ဆရာ"

ပေဖူးလွှာ မဂ္ဂဇင်း၊ အမှတ်-၂၈၊ အောက်တိုဘာလ၊ ၁၉၈၃ ခုနှစ်။
.
>>>ဆက်ဖတ်ရန်>>> >>